အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကြောင့် ခြောက်လအတွင်း လူကိုးရာနီးပါး သေဆုံး
2024.07.11

ဒီနှစ် ဇန်နဝါရီလကနေ ဇွန်လကုန်အထိ ခြောက်လအတွင်း နိုင်ငံတစ်ဝန်းမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၆၇ ကြိမ်ဖြစ်ပွားခဲ့ပြီး လူကိုးရာနီးပါး (၈၈၀ ဦး) သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။
၂၀၂၃ ခုနှစ် တစ်နှစ်လုံးမှာ အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုဖြစ်စဉ် ၈၇ ခုရှိပြီး သေဆုံးသူ ၈၇၃ ဦး ရှိခဲ့ပါတယ်။ ဒီနှစ် ပထမခြောက်လအတွင်းမှာတော့ အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုကြောင့် အရင်နှစ်ကထက် သေဆုံးသူ ပိုပြီးတိုးလာပါတယ်။
ဇူလိုင်လ ၁၁ ရက်က ထုတ်ပြန်တဲ့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ အစီရင်ခံစာမှာ အစုလိုက် အပြုံလိုက်သတ်ဖြတ်မှု၊ လေကြောင်းတိုက်ခိုက်မှုတွေအပြင် တရားလက်လွတ်ဖြတ်မှု၊ ဖမ်းဆီးမှုနဲ့ ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှုတွေ ဆိုးဆိုးဝါးဝါးဖြစ်ပေါ်နေတယ်လို့ ဖော်ပြထားပါတယ်။
ဒါတွေကို စစ်ကောင်စီက ကျူးလွန်ခဲ့တာလို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ပြည်သူတွေ တရားမျှတမှုရရှိရေး စစ်ကောင်စီရဲ့ ကျူးလွန်မှုတွေကို အပြစ်ပေးနိုင်ဖို့ ဆောင်ရွက်မယ်လို့လည်း ရေးသားထားပါတယ်။
သတ်ဖြတ်ခံရသူရဲ့ မိသားစုဝင်တွေကတော့ ဒီပြစ်မှုတွေအတွက် ထိထိရောက်ရောက် အရေးယူပေးစေချင်တယ်လို့ RFA ကို ပြောထားပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီက တစ်စုံတစ်ရာတုံ့ပြန်တာ မရှိသေးပါဘူး။ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ ဖုန်းလက်ခံမဖြေဆိုပါဘူး။
NUG လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ ၂၀၂၃ ခုနှစ်အတွင်း အစုလိုက် အပြုံလိုက်သတ်ဖြတ်မှု အပါအဝင် နိုင်ငံတစ်ဝန်းမှာ လူ့အခွင့်အရေးချိုးဖောက်မှု ၄၆၅၆ ကြိမ်ဖြစ်ပွားခဲ့ပြီး ၂၀၂၄ ခုနှစ် ပထမ ခြောက်လမှာတော့ ၃၁၂၁ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။