ဖိနပ်စက်ရုံပိုင် ပစ္စည်းတွေ လေလံ တင်ရောင်းချမည်


2014.10.07
master-sports-crisis-305.jpg စက်တင်ဘာလ ၁၆ ရက်နေ့ညက ပဋိပက္ခဖြစ်ခဲ့တဲ့ Master Sports စက်ရုံရှေ့မှာ အလုပ်သမားတွေကို တွေ့ရစဉ်
Photo: Nay Myo Htun,Kyaw Lwin Oo, Tun Myint

အလုပ်သမားတွေကို နစ်နာကြေးမပေးပဲ စက်ရုံပိတ် လိုက်တဲ့ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာစက်မှုဇုန် (၃) က Master Sports ဖိနပ်စက်ရုံပိုင်ပစ္စည်းတွေ ကို လေလံဆွဲဖို့ ဒီကနေ့အထိ ကြိုတင်ငွေ ကျပ်သိန်း ၁၀၀ စီ ပေးသွင်းထားတဲ့ လုပ်ငန်းရှင်အယောက် ၅၀ ရှိတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့အတွင်းမှာရှိတဲ့ ဖိနပ်စက်ရုံပိုင်ရှင်တွေအပြင် တခြားလုပ်ငန်းရှင်တွေက မာစတာစပေါ့ ဖိနပ်စက်ရုံ မှာရှိတဲ့ စက်ပစ္စည်းတွေကို လာရောက်လေ့လာခဲ့ကြ တယ်လို့ အလုပ်သမား ခေါင်းဆောင် ကိုထွန်းထွန်းနိုင် က ပြောပါတယ်။

"သူတို့က လာကြည့်တာဆိုတာ စိတ်ဝင်စား မစား လာကြည့်တာပေါ့နော်၊ ၉ ရက်နေ့ကျရင် ဒီစက်ရုံကို သူတို့လေလံဝင်ဆွဲမှာပေ့ါနော်"

ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့က Master Sport  ဖိနပ် စက်ရုံပိုင်ရှင် ကိုရီးယားနိုင်ငံသားက လုပ်ငန်းအရှုံးပေါ် လို့ဆိုပြီး အလုပ်သမားတွေကို နစ်နာကြေးမပေးပဲ စက်ရုံပိတ်ကာ နေရပ်ပြန်သွားတဲ့အတွက် လျော်ကြေးငွေရရှိဖို့ အလုပ်သမားတွေက စက်ရုံရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ ဒါ့အပြင် အလုပ်သမားဝန်ကြီးဌာနနဲ့ တာဝန်ရှိသူ အဆင့်ဆင့်ကို တင်ပြတိုင်ကြားခဲ့ကြတာကြောင့် အဲ့ဒီ မာစတာစပေါ့ ဖိနပ်စက်ရုံမှာရှိတဲ့ စက်ပစ္စည်းတွေ ကို လေလံတင်ရောင်းချကာ လျော်ကြေးပေးမယ်ဆိုပြီး ခုံသမာဓိကောင်စီက ဆုံးဖြတ်ချက်ချမှတ်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီစက်ရုံကပစ္စည်းတွေကို လာမယ့် အောက်တိုဘာ ၉ ရက်နေ့မှာ လေလံတင်ရောင်းချမှာဖြစ်ပြီး အခုအချိန်အထိ စီးပွားရေးလုပ်ငန်းရှင်ပေါင်း ၅၀ ခန့်လာရောက်ပြီး လေလံတင်ပွဲဝင်ဖို့ ကြိုတင်ငွေကျပ် သိန်း ၁၀၀ စီ ပေးသွင်းထား ကြပြီးဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။