မောင်တောမြို့ တရိန်းရွာ ဒေသခံတစ်ဦး မြေမြှုပ်မိုင်းကြောင့် အပြင်းအထန်ဒဏ်ရာရ

2022.08.30
မောင်တောမြို့ တရိန်းရွာ ဒေသခံတစ်ဦး မြေမြှုပ်မိုင်းကြောင့် အပြင်းအထန်ဒဏ်ရာရ မပေါက်ကွဲသေးသည့် မြေမြှုပ်မိုင်းတချို့အား တွေ့ရစဉ်
Photo: Josh Michael

ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်းက မြိုတိုင်းရင်းသားတွေ နေထိုင်တဲ့ တရိန်းရွာမှာ ဩဂုတ်လ ၂၉ ရက် မနေ့ညနေပိုင်း ဒေသခံတစ်ဦး မြေမြှုပ်မိုင်း နင်းမိတာကြောင့် ခြေထောက်နှစ်ဖက်လုံး အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသက် ၂၉ နှစ်အရွယ် ဒေသခံ ဦးဆိန်ကြက်ဟာ ရွာရဲ့အနောက်ဘက် တစ်မိုင်လောက် အကွာ တောင်တန်းမှာ တောင်ယာသွားကြည့်ချိန် မြေမြှုပ်မိုင်းနင်းမိတာလို့ အမည် မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“သွားတာက လူလေးငါးယောက်သွားကြတာ။ သူက မိုင်းနင်းမိသွားတာပေါ့။ တခြားသူတွေမှာ မထိလို့ကံကောင်း။ မိုင်းနင်းတဲ့ နေရာက တိုက်ပွဲဖြစ်ခဲ့တဲ့ နေရာနဲ့လည်း အဝေးကြီး။ အဲဒီလမ်းက AA သွားမယ်ထင်ပြီး စစ်တပ်က ထောင်ထားတာ ဖြစ်မယ်။ အခုရွာသားကို ထိတာပေါ့”

ခြေထောက်နှစ်ဖက်စလုံး ဒဏ်ရာပြင်းထန်တာကြောင့် လက်ရှိ မောင်တောဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဘက်က ထောင်ထားတဲ့မိုင်း ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောဆိုကြပေမယ့် ဒီမြေမြှုပ်မိုင်းကို ဘယ်အဖွဲ့က ထောင်ခဲ့သလဲ ဆိုတာတော့ RFA အနေနဲ့ သီးခြားအတည် မပြုနိုင်သေးပါဘူး။

အဲဒီဒေသက ဒေသခံတွေဟာ တောတောင်ကိုပဲ အဓိကမှီခို စားသောက်နေကြရတာ ဖြစ်တာကြောင့် အခုလို မိုင်းနင်းမိတဲ့ကိစ္စတွေ ရှိလာတဲ့အပေါ် စိုးရိမ်နေကြတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

အဲဒီတရိန်းရွာနဲ့ ငါးမိုင်ခန့်အကွာ တောင်တန်းမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်နေ့က စစ်ကောင်စီ တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ခဲ့တာပါ။

လက်ရှိအချိန်ထိလည်း နှစ်ဖက် စစ်ရေးတင်းမာနေကြဆဲ ဖြစ်တာကြောင့် ကားလမ်းတွေကိုပါ စစ်ကောင်စီတပ်ဘက်က အခုအချိန်အထိ ပိတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ ပြီးခဲ့တဲ့ မေလကနေ ဒီနေ့အထိ မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် ဒေသခံခြောက်ဦး သေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရသူ ၁၇ ဦးအထိ ရှိသွားပြီ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။