ရခိုင်မှာ ရဲကင်းစခန်းတွေ တိုက်ခိုက်ခံရ


2017.08.25
maungtaw-police-622.jpg ရခိုင်ပြည်နယ် မောင်တောဒေသက ရဲကင်းစခန်းတစ်ခုကို တွေ့ရစဉ်
Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်းက ရဲကင်းစခန်းတွေကို အကြမ်းဖက်သမားတွေက ဒီနေ့ မနက် ၁ နာရီလောက်ကစပြီး တိုက်ခိုက်ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ဝင် ၅ ဦးကျဆုံးပြီး အကြမ်းဖက်သမား ၇ ဦးရဲ့ အလောင်းကို ရရှိထားကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ဒီနေ့ မနက်ပိုင်းက ထုတ်ပြန်ပါတယ်။

မောင်တောခရိုင်အတွင်း ရဲစခန်းတစ်ခုကို လက်လုပ်မိုင်းတွေနဲ့ မိုင်းခွဲစတင်တိုက်ခိုက်ပြီး နတ်ချောင်း၊ တမန်းသား၊ ကွမ်းသီးပင်ချောင်းဝ၊ နံ့သာတောင်၊ လောင်းဒုံ၊ သီဟိုဠ်ကျွန်း၊ ဇင်ပိုင်ညာ၊ သရေကုန်းဘောင်၊ ပညောင်ပင်ကြီး ၊ ရွှေရင်အေး၊ မြင်းလွတ်၊ အလယ်သံကျော်စတဲ့ နေရာပေါင်း ၂၄ ခုမှာ ရှိတဲ့ ရဲကင်းတွေနဲ့ ရဲစခန်းတွေကို တစ်ချိန်တည်း တစ်ပြိုင်တည်း တိုက်ခိုက်လာခဲ့တာဖြစ်တယ်လို့လည်း ပြောပါတယ်။

အကြမ်းဖက်တိုက်ခိုက်လာသူတွေကို ရဲတပ်ဖွဲ့ဝင်တွေက ပြန်လည်တိုက်ခိုက်ခဲ့ရာမှာ ရဲတပ်ဖွဲ့ဝင်တစ်ချို့ ကျဆုံးတာတွေနဲ့ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တာလို့လည်း သိရပါတယ်။

အလားတူ ဒီနေ့မနက် ၃ နာရီလောက်မှာ အစွန်းရောက်အကြမ်းဖက်သမား ၁၅၀ လောက်ဟာ ခမရ(၅၅၂) ဂိတ်သို့ နှစ်ဖွဲ့ခွဲပြီး ဝင်ရောက်ဖို့ ကြိုးပမ်းခဲ့ရာမှာ တပ်မတော်သားများက ပြန်လည်တိုက်ခိုက်ခဲ့တယ် လို့လည်း ဖော်ပြထားပါတယ်။

ဒီဖြစ်စဉ်တွေအတွင်း ရဲတပ်ဖွဲ့ဝင်တွေဆီက သေနတ် ၂ လက်ပါသွားခဲ့ကြောင်းလည်း သိရပါတယ်။

အစိုးရလုံခြုံရေးတပ်ဖွဲ့တွေနဲ့ မွတ်ဆလင် အကြမ်းဖက်သမားတွေဟာ လက်ရှိအချိန်အထိ အပြန်အလှန် တိုက်ခိုက် မှုတွေဖြစ်ပွားနေပြီး တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး အစွန်းရောက် အကြမ်းဖက်သမားများကို ချေမှုန်းနေ တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မောင်တောမြို့နယ်မြောက်ပိုင်း ကြိမ်ချောင်းကျေးရွာမှာ ဒီနေ့ မနက်ပိုင်း ၆ နာရီလောက်ထိ ကားလမ်း၊ ဈေး၊ တိုက်နယ်ဆေးရုံ၊ အထက်တန်းကျောင်း စတာတွေအနီးမှာ အကြမ်းဖက်သမားတွေက မိုင်း ၅ လုံးဖောက်ခွဲခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့တွေက နယ်မြေရှင်းရေးတွေလုပ်ဆောင်နေသလို ကျေးရွာအတွင်းက မွတ်ဆလင်အချို့ ကိုလည်း ခေါ်ယူစစ်ဆေးနေတယ်လို့ ကြိမ်ချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကိုကိုအောင်က ပြောပါတယ်။

အခုလိုဖောက်ခွဲခံရမှုကြောင့် နေရာအချို့မှာ သွေးစတွေတွေ့ရပေမယ့်လည်း ဒဏ်ရာရသူနဲ့ သေဆုံးသူ ရှိ မရှိ အတည်မပြုနိုင်သေးဘူးလို့လည်း ဆိုပါတယ်။

ဒါ့အပြင် မောင်တောခရိုင် အုပ်ချုပ်ရေးမှူးရုံးဘေးလမ်းကြားမှာ ပေါက်ကွဲခြင်းမရှိသေးတဲ့ လက်လုပ်မိုင်း ၃ လုံးကို ဒီနေ့မနက်ပိုင်းက ရှာဖွေတွေ့ရှိခဲ့တယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။

မောင်တောမြို့နယ်အတွင်း တိုင်းရင်းသားတွေဟာ စိုးရိမ်ကြောက်လန့်မှုကြောင့် နီးစပ်ရာ ဘုန်းတော် ကြီးကျောင်းတွေကို ထွက်ပြေးခိုလှုံနေကြရတယ်လို့လည်း သိရပါတယ်။

လုံခြုံရေးအခြေအနေအရ မောင်တောနဲ့ ဘူးသီးတောင်ကို ဆက်သွယ်သွားလာတဲ့ ကားလမ်းမကြီးကို ယာယီ ပိတ်ထားပြီး မောင်တောမြို့ပေါ်က ဈေးနဲ့ အစိုးရရုံးတွေ၊ စာသင်ကျောင်းတွေကိုပါ ပိတ်ထားတယ်လို့ ဒေသခံတွေ က ပြောပါတယ်။

ဒီနေ့ မနက်က အကြမ်းဖက်တိုက်ခိုက်သူတွေဟာ အစွန်းရောက်ဘင်္ဂလီ အကြမ်းဖက်သမားတွေဖြစ်တယ် လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။