မောင်တောမှာ စိတ်ကြွဆေး ၈ သောင်းနီးပါး ဖမ်းဆီးရမိ
2017.07.21

ရခိုင်ပြည်နယ် မောင်တောမြို့ သုံးမိုင်စစ်ဆေးရေးဂိတ်မှာ ကာလတန်ဖိုး ငွေကျပ်သိန်း ၁၅၀၀ ဝန်းကျင်တန်ဖိုးရှိတဲ့ WY စာတန်းပါ စိတ်ကြွမူးယစ်ဆေးပြားပေါင်း ၇၈၀၀၀ ကို မနေ့က ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။
နယ်ခြားစောင့်ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့က ဘူးသီးတောင်မြို့ကနေ မောင်တောမြို့ကို မောင်းနှင်လာတဲ့ ဟိုင်း လတ်မော်တော်ယာဉ်တစ်စီးကို ရပ်တန့်စစ်ဆေးရာကနေ စိတ်ကြွဆေးတွေ ဖမ်းဆီးရမိခဲ့တာလို့ မောင်တောမြို့မှာ တာဝန်ကျနေတဲ့ ရဲအရာရှိတစ်ဦးကပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မော်တော်ကားပေါ်က လက်ဝယ်တွေ့ရှိခဲ့တဲ့ အမျိုးသားနှစ်ဦးကို အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
စစ်တွေခရိုင်နဲ့ မောင်တောခရိုင်ဟာ ရခိုင်ပြည်နယ်မှာ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု အများဆုံးဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီလအထိ စစ်တွေခရိုင်မှာ မူးယစ်မှု ၈၉ မှုနဲ့ မောင်တောခရိုင်မှာ ၈၀ မှုအထိ ရှိခဲ့တယ်လို့ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်က ပြီးခဲ့တဲ့ဇူလိုင်လ ၁၁ ရက်နေ့ကကျင်းပခဲ့တဲ့ ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးမှာ ပြောဆိုထားပါတယ်။