မော်လိုက်မြို့မှာ ငလျင်ငယ်တစ်ခု ထပ်လှုပ်
2016.04.14

စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့မှာ ဒီကနေ့ နေ့လည်ပိုင်းက ပြင်းအား (၄.၄) အဆင့်ရှိတဲ့ မြေငလျင်ငယ်တစ်ခု လှုပ်ခတ်သွားကြောင်း မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။
မော်လိုက်မြို့က ငလျင်ငယ်ဟာ မနေ့က ညပိုင်းလှုပ်ခဲ့တဲ့ ငလျင်ရဲ့ နောက်ဆက်တွဲ ငလျင်ဖြစ်ကြောင်း မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က ပြောပါတယ်။
"သူကတော့ ငလျင်ငယ်ပါပဲ၊ အရင်တုန်းကဟာနဲ့ ဆက်စပ်ပြီးတော့ ယူမယ်ဆိုရင်လည်း ယူလို့ရတယ်၊ ငလျင်ကြီးလှုပ်ပြီးမှ တစ်နာရီ နှစ်နာရီအတွင်း နောက်ဆက်တွဲငလျင်လှုပ်တာပေါ့လေ၊ ဒီနေ့လှုပ်တဲ့ဟာကတော့ ၄.၄ နဲ့ အင်အားအနည်းငယ်လောက်လှုပ်တာပါ"
အဲ့ဒီငလျင်ငယ်ဟာ မန္တလေးမြို့မြေငလျင်စခန်းကနေ အနောက်မြောက်ဘက် မိုင် ၁၉၀ ခန့်အကွာ၊ မော်လိုက်မြို့ရဲ့ အနောက်မြောက်ဘက် မိုင် ၃၀ ခန့်အကွာကို ဗဟိုပြုပြီး နေ့လည် ၁၂ နာရီ ၁၁ မိနစ်ခန့်က လှုပ်ခတ်သွားတာဖြစ် ပါတယ်။
ဧပြီလ ၁၃ ရက်နေ့ မနေ့ညကလည်း စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ရဲ့ အရှေ့တောင်ဘက် ၄၂ မိုင်ခန့်အကွာကို ဗဟိုပြုပြီး ပြင်းအား (၆.၈) အဆင့်ရှိတဲ့ အင်အားပြင်းထန်ှတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ပါတယ်။
အဲ့ဒီအင်အားပြင်း ငလျင်လှုပ်ခတ်မှုကို ရန်ကုန်၊ နေပြည်တော်၊ မန္တလေး အပါအဝင် မြို့တော်တော်များများက ခံစားသိရှိခဲ့ကြပြီး ရန်ကုန်မြို့အထပ်မြင့်တိုက်တွေမှာ နေထိုင်သူတွေ လမ်းမပေါ်ထွက်နေခဲ့ကြရပါတယ်။