လွှတ်တော်ရုံးဝန်ထမ်းခေါ်စာပါ သတ်မှတ်ချက် ပြင်ပေးဖို့ မသန်စွမ်းသူများအသင်းချုပ် တောင်းဆို
2017.08.22
မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံး ဝန်ထမ်းလျှောက်လွှာခေါ်ယူတဲ့ အရည်အချင်းသတ်မှတ်ချက်မှာ "ကျန်းမာရေး ကောင်းမွန်ပြီး ကိုယ်လက်အဂါၤ ပြည့်စုံသန်စွမ်းသူဖြစ်ရမယ်" ဆိုတဲ့ အချက်ဟာ မသန်စွမ်းသူတွေကို ခွဲခြားဆက်ဆံတာကြောင့် သတ်မှတ်ချက်ကို ပြန်လည်ပြင်ဆင်ပေးဖို့ မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ် က ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရဲ့ ဝန်ထမ်းလျှောက်လွှာခေါ်ယူတဲ့ အရည်အချင်း သတ်မှတ်ချက်ဟာ မသန်စွမ်းထု အားလုံးနစ်နာတယ်လို့ မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ် အတွင်းရေးမှူး ဦးမြတ်သူဝင်း က ပြောပါတယ်။
"ကျနော်တို့ ထောက်ပြနေမှာပဲလေ၊ ပြည်သူ့အစိုးရဆိုတော့ ကျနော်တို့ မသန်စွမ်းလည်း ပြည်သူပဲဗျာ ၊ ပြည်သူထဲက ပြည်သူဖြစ်တဲ့အတွက်ကြောင့် ပြည်သူတစ်ဦးတစ်ယောက်ရဲ့ နစ်နာချက်ကို ထောက်ပြ ရမယ်၊ အခုက တစ်ဦးတစ်ယောက်တည်း မဟုတ်ဘူး၊ ကျနော်တို့ မသန်စွမ်းထုအားလုံးရဲ့ နစ်နာတဲ့ အတွက် ဒါကို ကျနော်တို့ ဆက်လက်ထောက်ပြသွားမယ် ဒါကိုကျနော်တို့ မရရအောင် တင်ပြသွားမှာဘဲ မသန်စွမ်း ဥပဒေမှာလေ၊ ဒါသူတို့ပြင်ရမှာဗျ မလွဲမသွေပြင်ရမှာ၊ သူတို့လုံးဝမှားတယ်၊ ကျနော်တို့ ဥပဒေထဲမှာ မပြင်ရသေးဘူးဆိုရင် သူတို့လွဲလို့ဖြစ်မယ်"
ဝန်ထမ်းခန့်ထားရေး ဥပဒေပါအချက်တွေဟာ ခေတ်မမှီတော့တဲ့ပြဌာန်းချက်တွေ ဖြစ်နေတဲ့အတွက် မသန်စွမ်းတွေကို ခွဲခြားပြီး ဝန်ထမ်းခေါ်ယူတဲ့ ဥပဒေမျိုးတွေကို ပယ်ဖျက်သင့်ပြီလို့လည်း ပြောပါတယ်။
မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံးဝန်ထမ်းခေါ်ယူတဲ့နေရာမှာ အရည်အချင်းသတ်မှတ်ချက်ကို သတ်မှတ်တာဟာ ဝန်ထမ်းစည်းမျဉ်းစည်းကမ်း ဥပဒေအရ ခေါ်ယူလိုက်တာ ဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး က ပြောပါတယ်။
"ဝန်ထမ်းစည်းမျဉ်းစည်းကမ်းဥပဒေအရ ကျနော်တို့က ခေါ်ရတာ၊ သူတို့ပြောတဲ့အတိုင်း လုပ်ချင်ရင် အဲဒီဝန်ထမ်းဥပဒေကို ပြင်ရမှာလေ၊ ဝန်ထမ်းဥပဒေထဲမှာ ဒီအချက်ပါတယ်၊ ကျန်းမာသန်စွမ်းရမယ်ဆိုတဲ့ အချက်ပါတယ်၊ ဒါမပါလို့မရဘူး အဲ့တော့ ကျနော်တို့က ဒါထည့်ပြီးတော့ မကြေညာလို့မရဘူး၊ ဒါကြောင့် မို့လို့ ကျနော်တို့က ထည့်ထားတာ ကျနော်တို့က ကိုယ်တစ်ယောက်တည်း ထွင်ပြီးတော့ လုပ်လို့မရဘူး၊ တခြားဝန်ထမ်းဌာနတွေ ဝန်ထမ်းရေးရာတွေခေါ်တယ်၊ ဥပမာ အမျိုးသားလွှတ်တော် ခေါ်တယ် ၊ ပြည်သူ့လွှတ်တော်ခေါ်တယ်၊ အကုန်လုံးက ဒီစည်းကမ်းချက်ပါကိုးပါရတယ်၊ ခုနကပြောတဲ့ ဝန်ကြီးဌာနအားလုံးမှာလည်း ဒီစည်းကမ်းချက်ထည့်ပြီးမှခေါ်တယ်၊ ကျနော်တို့က ဒါကိုသွားပြီး ကိုယ့်ဟာကို ပြင်လို့တော့ မရဘူး"
မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံး ဝန်ထမ်းလျှောက်လွှာခေါ်ယူတာကို မနေ့က နောက်ဆုံးထား လျှောက်လွှာ ပိတ်လိုက်ပြီး သတ်မှတ်ထားတဲ့ ရက်မှာပဲ စာမေးပွဲ ဆက်လက်ကျင်းပသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၁၆ ရက်နေ့က မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြခဲ့တဲ့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံး အတွက် ဝန်ထမ်းလျှောက်လွှာ ခေါ်ယူတဲ့ အရည်အချင်း သတ်မှတ်ချက်တွေဟာ ကုလသမဂ္ဂ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ နဲ့ မသန်စွမ်းသူတွေရဲ့ အခွင့်အရေး ဥပဒေတွေကို ချိုးဖောက်ရာရောက်တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာ မသန်စွမ်းသူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိဖို့ ကန့်သတ်ချက်ရှိနေသေး တယ်လို့ ဦးမြတ်သူဝင်းက ပြောပါတယ်။