သပိတ်ကျင်းမှာ စခန်းရှစ်ခုသိမ်းယူထားကြောင်း MDY-PDF ကြေညာ
2024.08.10

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်က စစ်ကောင်စီရဲ့ တပ်စခန်းရှစ်ခုကို သိမ်းယူထားနိုင်ပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) က ဩဂုတ်လ ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ရဲ့ ခလရ (၁၄၈) တပ်စခန်း ၊ ကျောက်ဖြူရွာစခန်း၊ လိပ်ကျရွာစခန်း၊ ကွင်းသုံးဆယ်ရွာစခန်း၊ လက်ပံပြန့်ရွာစခန်း၊ ဖိုကုန်းစခန်း၊ ဝက်သေရွာခန်းနဲ့ ဖက်ရှည်ရွာစခန်းတွေကို အပြီးသတ်သိမ်းယူနိုင်ခဲ့တာလို့လည်း ဆိုပါတယ်။
MDY-PDF အနေနဲ့ သပိတ်ကျင်းမြိုနယ်အတွင်းမှာ သတ်မှတ်ထားတဲ့ စစ်ရေးပစ်မှတ်တွေကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့လည်း ရေးသားထားပါတယ်။
သပိတ်ကျင်းမြို့နယ်ကတပ်စခန်းတွေ သိမ်းပိုက်ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
စဉ့်ကူးမြို့ကို အပြီးသတ်သိမ်းယူနိုင်ခဲ့တယ်လို့လည်း MDY-PDF က ဇူလိုင်လ ၂၀ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။ အလားတူ မတ္တရာမြို့နယ်မှာလည်း စစ်ကောင်စီ တပ်စခန်း ၃၅ ခုကို MDY-PDF က သိမ်းယူခဲ့တယ်လို့လည်း ဇူလိုင်လ ၃၁ ရက်နေ့က ပြောဆိုထားပါတယ်။
သပိတ်ကျင်းမြို့နယ် တကောင်းတောင်ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ လက်အောက်ခံ ရဲကင်းနဲ့ အင်းနက်ရွာအနီး တာဝါတိုင်ကုန်းပေါ် အခြေချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကို သိမ်းယူခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။