ရွှေ့ပြောင်းမြန်မာကျောင်းသား များကို မန္တလေးဆရာတစ်စု ကူညီသင်ပြ


2013.12.09
mdy-teacher-305.jpg မဲဆောက်မြို့က ရွှေ့ပြောင်းမြန်မာကျောင်းသားများကို အခမဲ့ပညာဒါနလုပ်ပေးခဲ့တဲ့ မန္တလေးမြို့ စံဟိန်း အထက်တန်းကျောင်း အုပ်ချုပ်သူ ဦးဝင်းနိုင်နဲ့ အဖွဲ့ကို ဒီဇင်ဘာလ ၉ ရက်နေ့က တွေ့ရစဉ်
photo: RFA/ Moe Kyaw

မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာနရဲ့ ၂၀၁၃-၂၀၁၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမယ့် ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဒေသတွင်းမှာ ရှိတဲ့ ရွှေ့ပြောင်းမြန်မာစာသင်ကျောင်း က ကျောင်းသားတွေအတွက် မန္တလေးမြို့က စံဟိန်း ကိုယ်ပိုင်အထက်တန်းကျောင်း တည်ထောင်အုပ်ချုပ်သူ ဦးဝင်းနိုင်ဦးဆောင်တဲ့ ဆရာ ၇ ဦးအဖွဲ့ဟာ ဒီကနေ့ မနက်ပိုင်းကစပြီး ထောက်ကူသင်ကြားပေးနေတယ်လို့ စုံစမ်းသိရပါတယ်။

ဦးဝင်နိုင်နဲ့ အဖွဲ့ဟာ မဲဆောက်မြို့က Hsa Thoo Lei (ဆာသူးလေ) အထက်တန်းကျောင်းမှာ ဒေသတွင်း ရှိကျောင်းပေါင်းစုံက တက္ကသိုလ်ဝင်တန်းဖြေဆို မယ့် ကျောင်းသူကျောင်းသား ၁၃၇ ဦးကို ဘာသာစုံ သင်ကြားပေးနေတာဖြစ်ပြီး ဒီကနေ့ကနေ စနေနေ့အထိ ၆ ရက်ကြာ သင်ကြားပေးမှာဖြစ်ပါတယ်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဒေသတွင်းက ရွှေ့ပြောင်းမြန်မာစာသင်ကျောင်းက တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုမယ့်ကလေးတွေအတွက် ထောက်ကူသင်ကြားပေးရတာနဲ့ ပတ်သက်လို့ ဆရာ ဦးဝင်းနိုင်က အခုလိုပြောပါတယ်။

“ဒီမှာတော့ ဒီတစ်နှစ်မှ ဒုတိယနှစ်ရှိသေးတာဆိုတော့ ဒီဘက်မှာ လိုအပ်ချက်တွေ ရှိနိုင်တယ်ထင်လို့ ကူညီရအောင်လာခြင်းဖြစ်တယ်၊ ခြောက်ရက်စာ တစ်ရက်မှာ တစ်ဘာသာမှ တစ်နာရီပဲရတယ်ဆိုတော့ ကျနော်တို့က ကလေးတွေအတွက် ခြောက်နာရီပဲရတယ်၊ သူတို့အတွက် မှားတတ်တဲ့အမှားလေးတွေ အများစုလောက်ပဲ ကျနော်တို့ ပြောသွားနိုင်မှာ၊ အခုနောက်ဆုံး သင်ခဲ့တဲ့အတန်းဆိုရင် အားလုံးကစိတ်ဝင်စားကြတယ်၊ သူတို့ရဲ့ response ကလည်း ကောင်းတယ်“

ရွှေ့ပြောင်းမြန်မာစာသင်ကျောင်းကနေ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာနကကျင်းပမယ့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုမယ့် ကျောင်းသားတစ်ယောက်ကတော့ မြန်မာပြည်တွင်းက တက္ကသိုလ်ဝင်တန်း ပညာရေးနဲ့ပတ်သက်ပြီး တကယ်အတွေ့အကြုံရှိတဲ့ အခုလိုဆရာမျိုးတွေ သူတို့အတွက်လိုအပ်ကြောင်း ခုလို ပြောလာပါတယ်။

“အတွေ့အကြုံပိုရှိတဲ့အတွက် ကျနော်တို့ကို ပိုပြီးတော့ လမ်းညွန်နိုင်တာပေါ့၊ ကျနော်တို့ ဒီမနက်ပဲသင်ရတာ၊ တော်တော်လေးကိုသိသွားရတယ်၊ ကျနော်တို့တွေ မြန်မာစာကတော့ စာလေးတွေနွှေးပေးတာပေါ့၊ မိတ်ဆက်ပေးတာပေါ့၊ အင်္ဂလိပ်စာကြတော့ အမှတ်ပေးပုံနည်းနည်းပြောပြတယ်၊ ပြီးတော့ စာဘယ်လိုကြိုးစားရမလဲပြောပြတယ်၊ သင်္ချာကတော့ သူကတော့ အမှတ်ပေးပုံတွေပဲ ရှုင်းပြသွားတယ်၊ ကျနော်တို့ ဒီလို ရွှေ့ပြောင်းဒေသမှာဖြေတာက အခုမှ စဖြေတာဆိုတော့  ဒီလိုမျိုးလမ်းပြပေးမယ့် ဆရာတွေလိုတာပေါ့”

မန္တလေးမြို့ စံဟိန်း ကိုယ်ပိုင်အထက်တန်းကျောင်းက ဆရာဦးဝင်းနိုင်နဲ့အဖွဲ့ဟာ မဲဆောက်ဒေသအတွင်း ရွှေ့ပြောင်းမြန်မာစာသင်ကျောင်းက တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမယ့် ကျောင်းသားတွေကို ထောက်ကူသင်ကြားရေးလုပ်ဆောင်နိုင်ဖို့ ဆရာတော် ဓမ္မဒူတ အရှင်ဆေကိန္ဒကနေတဆင့် အကူအညီတောင်းခံရာက အခုလို လာရောက်သင်ကြားပေးခဲ့တာဖြစ်ပြီး စာမေးပွဲနီးကပ်တဲ့အခါမှာလည်း ရွှေ့ပြောင်းပညာရေးအဖွဲ့တွေက လိုအပ်တယ်ဆိုရင် လာရောက်မှာဖြစ်ကြောင်း ဆရာဦးဝင်းနိုင်က ပြောကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။