မန္တလေးမှာ လက်နက်တွေ ဖမ်းဆီးမိ
2017.07.20

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်မှာ မော်တော်ယာဉ်တစ်စီးပေါ်ကနေ မောင်းပြန်သေနတ် ၂၂ လက်ကို မနေ့က ဖမ်းဆီးရမိပြီး အဲဒီလက်နက်တွေကို လက်ခံယူမယ့်သူကိုပါ ဒီကနေ့ ထပ်ပြီးဖမ်းဆီးရမိခဲ့ပါတယ်။
သာစည်မြို့နယ်က ရဲတပ်ဖွဲ့ဝင်တွေဟာ သတင်းအရ တောင်ကြီး-မိတ္ထီလာ သွားကားလမ်းမှာ ဖြတ်သန်းသွားလာတဲ့ ကားတွေကို စစ်ဆေးရာမှာ လူ ၂ ယောက်ပါလာတဲ့ ကားပေါ်မှာ HK-33 နဲ့ AK-47 လက်နက် ၂၂ လက်ကို ဖမ်းဆီးမိတာဖြစ်ပါတယ်။
ကားပေါ်ပါလာသူ ၂ ဦးကို စစ်ဆေးရာမှာ အဲဒီလက်နက်တွေကို လက်ခံမယ့်သူကိုပါ မန္တလေးမြို့ အောင်မြေသာစံ မြို့နယ်မှာ ဒီနေ့ ဖမ်းမိတာဖြစ်ပါတယ်။
အဲဒီ ဖမ်းဆီးရရှိတာတွေနဲ့ ပတ်သက်ပြီး သာစည်ရဲစခန်းကို ဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ ဖမ်းဆီးရရှိ တာတွေကို အတည်ပြုပေးပေမယ့် ဒီအမှုကို စစ်ဆေးနေတုန်းဖြစ်တာကြောင့် ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဖြေဆိုပေး ဖို့ကိုတော့ ငြင်းဆိုပါတယ်။
လက်နက်သယ်ဆောင်လာတဲ့သူ ၂ ယောက်နဲ့ လက်ခံမယ့်သူ ၁ ယောက်တို့ကို လက်နက်ပုဒ်မ ၁၉(က) အရ အရေးယူဆောင်ရွက်ထားတယ်လို့ သာစည်မြို့မရဲစခန်းကနေ သိရပါတယ်။