သတ္တုတွင်းစီမံကိန်းတွေရပ်ဖို့ စစ်ကိုင်းသပိတ်အင်အားစုတောင်းဆို
2024.05.14

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်မှာရှိတဲ့ မြန်မာဝမ်ပေါင်နဲ့ မြန်မာယန်စီကြေးနီသတ္တုတွင်းစီမံကိန်းတွေ ပြန်လည်စတင်ဖို့ ကြိုးပမ်းနေတာတွေကို ချက်ချင်းရပ်တန့်ဖို့ စစ်ကိုင်းတိုင်းသပိတ်အင်အားစုတွေက မေလ ၁၄ ရက်နေ့က ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
တရုတ်အစိုးရနဲ့ တရုတ်ကုမ္ပဏီတွေအနေနဲ့ စစ်ကောင်စီ ဝင်ငွေရအောင်ကြိုးစားနေတာဖြစ်ပြီး ဒေသခံတွေကို စီမံကိန်းတွေမှာ ပြန်လည်အလုပ်လုပ်ကိုင်ဖို့ စည်းရုံးလုပ်ဆောင်နေတာတွေ ချက်ချက်ရပ်တန့်ဖို့ တောင်းဆိုတာလို့ သပိတ်အင်အားစုတွေက ပြောပါတယ်။
သတ္တုတွင်းစီမံကိန်းတွေ ပြန်လည်စတင်တာဟာ တရုတ်နဲ့ စစ်တပ်ရဲ့ အကျိုးစီးပွားအတွက်သာဖြစ်ပြီး ပြည်သူတွေကို ထိခိုက်စေတယ်လို့ ယင်းမာပင်-ဆားလင်းကြီးကျေးရွာပေါင်စုံ လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီရဲ့ တာဝန်ခံတစ်ဦးဖြစ်တဲ့ ကိုလွမ်းသူက ပြောပါတယ်။
“လက်ရှိတရုတ်ကုမ္ပဏီတွေအနေနဲ့လည်း စစ်တပ်နဲ့ပူးပေါင်းပြီးတော့ စစ်တပ်က ပြည်သူလူထုကို အတင်းအဓမ္မရက်ရက်စက်စက် သတ်ဖြတ်မီးရှို့နေတယ်။ ဒီသတ္တုတွင်းတွေထဲမှာ စစ်စခန်းနေရာပေးပြီးတော့မှ ပြည်သူလူထုကို ရက်ရက်စက်စက်နှိပ်စက်သတ်ဖြတ်နေတာသိသိကြီးနဲ့ အခုလိုမျိုးလုပ်ငန်းလည်ပတ်ဖို့ ကြိုးစားတာသည် ကျွန်တော်တို့ ပြည်သူလူထုရဲ့သဘောထားအမှန်ကို ဆန့်ကျင်ရာရောက်တယ်။”
တရုတ်အစိုးရနဲ့ တရုတ်ကုမ္ပဏီတွေအနေနဲ့ နှစ်နိုင်ငံအကျိုးစီးပွားနဲ့ အိမ်နီးချင်းပီပီ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်နိုင်ဖို့ ပြည်သူလူထုအသံကို အလေးထားနားထောင်ဖို့လည်း တိုက်တွန်းထားပါတယ်။
ဆားလင်းကြီးမြို့နယ်မှာ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည်ပြည်သူတွေများစွာရှိနေတဲ့အပြင် စစ်ကောင်စီတပ်ဖွဲ့တွေက မုံရွာ-ပုသိမ်လမ်းကို နေရာယူထားပြီး ပစ်ခတ်မှုတွေလုပ်နေတာတွေကို ရပ်တန့်ပြီး ချက်ချင်းဆုတ်ခွာပေးဖို့လည်း တောင်းဆိုထားပါတယ်။
စစ်ကိုင်းသပိတ်အင်အားစုတောင်းဆိုချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်းမရှိပါဘူး။ မြန်မာဝမ်ပေါင်နဲ့ မြန်မာယန်စီ ကုမ္ပဏီတွေကိုလည်း RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။
ဝမ်ပေါင်ကုမ္ပဏီနဲ့ ယန်စီကြေးနီစီမံကိန်းတွေရှိတဲ့နေရာတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းချနေထိုင်နေပြီး အခု မေလအတွင်းမှာပဲ တရုတ်နိုင်ငံသားရှစ်ဆယ်နီးပါး ဝင်ရောက်လာပြီး စီမံကိန်းပြန်လည်စတင်ဖို့ ကြိုးပမ်းနေတယ်လို့ လက်ပံတောင်းတောင်ဒေသခံတွေက ဆိုပါတယ်။