မုန်တိုင်းငယ်တစ်ခု ဝင်ရောက်နိုင်
2014.10.07

ဒီနေ့ အောက်တိုဘာလ ၇ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ မြန်မာ့ပင်လယ်ပြင်ကို မုန်တိုင်းငယ်တခု ဖြတ်သန်းတိုက်ခတ်နိုင်တဲ့ အတွက် ရေလမ်းခရီးသွားလာနေသူတွေအနေနဲ့ သတိထားဖို့ လိုအပ်ကြောင်း မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ကြေညာထားပါတယ်။
မုန်တိုင်းငယ်ကြောင့် တနင်္သာရီကမ်းရိုးတန်း၊ မွန်ပြည်နယ်၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွေနဲ့ ရန်ကုန်တိုင်း ဒေသကြီးတွေမှာ မိုးသက်လေပြင်း တိုက်ခိုက်ပြီး လှိုင်းကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦး က ပြောပါတယ်။
"ကပ္ပလီပင်လယ်ပြင်မှာ လေဖိအားနည်းရှိနေတယ်၊ အဲ့ဒီကနေ မုန်တိုင်းငယ်ဖြစ်လာမယ်၊ မုန်းတိုင်းငယ်ကနေ နောက်တစ်ရက်လောက်ကြာရင် ဆိုင်ကလုန်းမုန်တိုင်းအဖြစ် အားကောင်းလာနိုင်တယ်၊ ပြီးရင် အနောက်မြောက်ဖက်ကိုသွားမယ်၊ အနောက်မြောက်ဖက်က မြန်မာ့ကမ်းရိုးတန်းဖက် မဟုတ်သေးဘူးပေါ့၊ ကျနော်တို့ မိုးဇလအနေနဲ့ကတော့ မုန်တိုင်းငယ်ဖြစ်လာတဲ့အခါမျိုးကျရင် မြန်မာ့ကမ်းရိုးတန်းကို ဦးတည်ရင်တော့ မုန်တိုင်းသတင်းအနေနဲ့ ထုတ်ပါမယ်"
အဲ့ဒီမုန်တိုင်းငယ်ကြောင့် တစ်နာရီ လေတိုက်နှုန်း မိုင် ၄၀ ကျော်ရှိပြီး ပင်လယ်ပြင်မှာ လှိုင်းကြီးနိုင် သလို ကုန်းတွင်းပိုင်းမှာ အိမ်ခေါင်မိုးလန်တာတွေ၊ သစ်ပင်ပြိုလဲတာတွေ ရှိနိုင်တယ်လို့ မိုးလေဝသ ပညာရှင်တွေက သတိပေးထားပါတယ်။
မုန်တိုင်းဝင်ရောက်လာနိုင်တဲ့ အခြေအနေနဲ့ပတ်သက်ပြီး မိုးလေဝသပညာရှင် ဦးထွန်းလွင်ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။