မောင်ဆောင်းခနဲ့ ကြက်ဖကြီးတို့ နောက်ထပ် ရုံးချိန်းရက် ထပ်ပေး


2016.04.22
mgsaungka-620.jpg ကဗျာဆရာမောင်ဆောင်းခ ကို ဧပြီလ ၂၂ ရက်နေ့က ရွှေပြည်သာမြို့နယ်တရားရုံးမှာ ရုံးထုတ်လာစဉ်
Photo: Htet Arkar/RFA

နိုင်ငံတော်သမ္မတကို ပုတ်ခတ်ရေးသားတဲ့ ကဗျာကို ဖေ့စ်ဘွတ်ပေါ် တင်ခဲ့တဲ့ ကဗျာဆရာမောင်ဆောင်းခ နဲ့ ဖေ့စ်ဘွတ်မှာ ကြက်ဖကြီးဆိုပြီး စွပ်စွဲခံရသူ ကိုလှဖုန်းတို့ကို ဒီကနေ့ တရားရုံးထုတ်ရာမှာ အရင်က လွတ်မယ်လို့ ယူဆခဲ့ပေမယ့် မလွှတ်ပဲ နောက်ထပ် ရုံးချိန်းရက် ပေးလိုက်ပါတယ်။

တရားရုံးထုတ်မှာ မောင်ဆောင်းခက သူ့အနေနဲ့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကို ရည်ရွယ်တာ မဟုတ်ဘူး လို့ ပြောပါတယ်။

မောင်ဆောင်းခကို ဆက်သွယ်ရေးပုဒ်မ၊ နိုင်ငံတော်အကြည်ညို ပျက်စေတဲ့ပုဒ်မတွေနဲ့ တရားစွဲဆိုထားတာဖြစ်ပြီး ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့တာဖြစ်ပါတယ်။ သူ့ကို စွဲဆိုထားတဲ့ ပုဒ်မ ၂ ခုထဲက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မကို တရားရုံးက ရုပ်သိမ်းလိုက်ပါတယ်။ ဆက်သွယ်ရေးပုဒ်မနဲ့ လာမယ့် ဧပြီလ ၂၅ ရက်နေ့မှာ စစ်ဆေးမှာ ဖြစ်ပါတယ်။

ကြက်ဖကြီးလို့ စွပ်စွဲခံရတဲ့ ကိုလှဖုန်းဟာ အရင်အစိုးရနဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ကို ပုတ်ခတ်တဲ့ စာတွေနဲ့ သရော်တဲ့ ဓာတ်ပုံတွေကို ဖေ့စ်ဘွတ်မှာ တင်ခဲ့တယ်ဆိုပြီး ဆက်သွယ်ရေးပုဒ်မ ၊ နိုင်ငံတော် အကြည်ညို ပျက်စေတဲ့ပုဒ်မနဲ့ တရားစွဲဆိုခံထားရတာပါ။

သူ့အနေနဲ့ လွတ်မယ်လို့ ယုံကြည်ကြောင်း တရားရုံးထုတ်မှာ ကိုလှဖုန်းက ပြောပါတယ်။

ဒီကနေ့ ပုဒ်မ ၂ ခုထဲက တစ်ခုကိုမှ မရုပ်သိမ်းတဲ့အပြင် နိုင်ငံတော်အလံကို မဖွယ်မရာပြုလုပ်တဲ့ ပုဒ်မ ထပ်တိုးသွားကြောင်း ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

ကိုလှဖုန်းကိုတော့ မည်သည့်ပုဒ်မကိုမှ မရုပ်သိမ်းပဲ နိုင်ငံတော်အလံကို မဖွယ်မရာပြုလုပ်တဲ့ပုဒ်မနဲ့ ဒီကနေ့ ထပ်မံတရာစွဲဆိုခံခဲ့ရပြီး လာမယ့် ဧပြီလ ၂၇ ရက်နေ့ကို ရုံးချိန်းထပ်မံ ချိန်းဆိုလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။