မြန်မာနိုင်ငံသား ၁ဝဝ ကျော် မလေးရှားအာဏာပိုင်တွေ ဖမ်းဆီး

မလေးရှားနိုင်ငံ နီဂါရီ ဆန်ဘိလန် ပြည်နယ် စရမ်ဘန်းမြို့က စားသောက် ဆိုင်တွေမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၃၅ ဦးလောက်ကို မေလ ၂၈ ရက်နေ့မှာ မလေးရှား လူဝင်မှုကြီးကြပ်ရေး နဲ့ အရပ်ဝတ် ပြည်သူ့စစ် RELA အဖွဲ့တွေက လာရောက် ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

2011.05.29
migrant_malaysia_A_305_z.jpg မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ရဲလာခေါ် အရပ်သား လုံခြုံရေး တပ်ဖွဲ့ဝင်များက ညသန်းခေါင်ကျော် စစ်ဆင်ရေးဖြင့် တရားမဝင် နိုင်ငံခြား အလုပ်သမားများကို ဖမ်းဆီးထားသော မှတ်တမ်း ဓာတ်ပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

ဖမ်းဆီးခံရတဲ့ အထဲမှာ အမျိုးသား ၁၄ ဦး၊ အမျိုးသမီး ၁၆ ဦး ပါဝင်ပြီး အရေအတွက် အတိအကျ မသိနိုင်တဲ့ ကလေးသူငယ်တွေလည်း ပါဝင်တယ်လို့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ အခြေစိုက် NLD- LA မလေးရှား အလုပ်သမားရေးရာ တာဝန်ခံ ကိုဉာဏ်လင်းက ပြောပါတယ်။

“ကျနော်တို့အဖွဲ့ဝင် ကိုအယ်လ်စိုင်းအောင်နဲ့ ရင်းနှီးတဲ့ မိန်းကလေးတယောက်က ဖုန်းနဲ့ လှမ်းအကြောင်းကြားတာပါ။ ကိုစိုင်းအောင် အပါအဝင် ၃၅ ယောက်လောက်နဲ့ ကလေးတွေကို ကို ရဲအချုပ်ကားနဲ့ တနေရာကို ခေါ်သွားတယ်တဲ့”

အလားတူ မနေ့က ည ၈ နာရီခွဲလောက်မှာ စီလန်ခေါပြည်နယ် ပူချွန်းမြို့က မြန်မာစားသောက်ဆိုင်တွေနဲ့ မြန်မာပစ္စည်း အရောင်းဆိုင်တွေကို မလေးရှား အာဏာပိုင်တွေက စီးနင်းပြီး ဖမ်းဆီးခဲ့ရာမှာ မြန်မာနိုင်ငံသား ၁ ရာလောက် အဖမ်းဆီးခံရတယ်လို့ ကိုဉာဏ်လင်းက ပြောပါတယ်။

မလေးရှားနိုင်ငံရောက် တရားမဝင် နိုင်ငံခြားသားတွေထဲမှာ မြန်မာနိုင်ငံသားတွေလည်း ပါဝင်ပြီး အများစုဟာ ဒုက္ခသည်အဖြစ် နိုင်ငံရေး ခိုလှုံခွင့် လျှောက်ထားနေထိုင်ကြတဲ့ တိုင်းရင်းသားတွေ ဖြစ်ပါတယ်။ မလေးရှားအစိုးရရဲ့ တရားဝင် စာရင်းတွေအရ မလေးရှားမှာ မြန်မာဒုက္ခသည် ၈ သောင်းကျော် ရှိတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။