KIO ကအစိုးရကို မေးခွန်းများထုတ်ခဲ့
2011.08.05

KNG
လွန်ခဲ့တဲ့အပတ် တနင်္လာနေ့နဲ့ အင်္ဂါနေ့က တရုတ် မြန်မာ နယ်စပ် မိုင်ဂျာယန် စခန်းမှာ တွေ့ဆုံခဲ့တဲ့ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲမှာ အစိုးရဘက်က ခေါင်းဆောင် ဗိုလ်မှူးကြီးသန်းအောင်ကို KIO က မေးခွန်း ၈ ခု မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး KIO အရာရှိ တဦးက ခုလိုပြောပါတယ်။
“ငြိမ်းချမ်းရေးကို နှစ်ဦး နှစ်ဘက် တူညီတဲ့ အဓိပ္ပါယ် ဖွင့်ဆိုမှု ဘယ်လို ထားရှိမလဲ။ အပစ်အခတ် ရပ်ဆိုင်းရေး ဆိုတဲ့ ဝေါဟာရကို ဘယ်လို နားလည် ထားမလဲ။ ဒီအဖွဲ့အစည်းကို အစိုးရ ဘယ်အဆင့်ကနေ လုပ်ပိုင်ခွင့် ပေးမလဲ။ ကတိ ချိုးဖောက်တဲ့ အဖွဲ့ကို ဘယ်သူက အရေးယူ ပေးမလဲ။ ပင်လုံအပေါ်မှာ ဘယ်လို သဘောထား ရှိသလဲ။ KIO အပေါ်မှာ နိုင်ငံရေး အရရော အဖွဲ့အစည်း အရရော ဘယ်လို သဘောထားလဲ”
ဒီမေးခွန်းတွေကို အထက်ကို ပြန်လည် တင်ပြပါမယ်လို့ ဗိုလ်မှုူးသန်းအောင်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ဒီအတောအတွင်း တာပိန်ကနေ မိုးမောက်ကို လာတဲ့ မော်တော်ယာဉ် တစီးကို KIA က ပစ်တာကြောင့် လူ ၇ ဦးသေပြီး ၁ ဦး ဒါဏ်ရာ ရတယ်လို့ ဒီကနေ့ထုတ် သတင်းစာတွေမှာ ဖော်ပြထား ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး KIO အဖွဲ့ကို မေးမြန်းရာမှာ အဆက်အသွယ် လုပ်လို့ မရပါဘူး။ ဒါပေမယ့် ဒေသခံတွေ ကို ကိုးကားပြီး Network media သတင်းအရ KIA တပ်က ကားကို လုံခြုံရေး စစ်ဆေးဖို့ ရပ်ခိုင်းတာကို ကားပေါ်မှာ လိုက်ပါလာတဲ့ လုံခြုံရေး အစောင့်ရဲက ရပ်ခွင့်မပေးဘဲ မောင်းခိုင်းတာကြောင့် KIA က ပစ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။