ကသာမြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းက တိုက်ခိုက်

စစ်ကိုင်းတိုင်း ကသာမြို့နယ် ဧရာဝတီ အရှေ့ဘက်ကမ်း ဘန့်ဘွေးကုန်းရွာမှာ စစ်ကောင်စီ တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဩဂုတ်လ ၂၂ ရက် ဒီနေ့မနက်ကတည်းက တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ ဒေသခံတွေ က ပြောပါတယ်။
သင်္ဘောတွေကို လုံခြုံရေးယူဖို့ ဘန့်ဘွေးကုန်းရွာမှာ တပ်စွဲထားတဲ့ အင်အား ၇၀ လောက် ပါတဲ့ စစ်ကောင်စီတပ်ကို PDF တွေက သွားရောက်တိုက်ခိုက်တာမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ပြန်လည်တိုက်ခိုက်တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အခုမနက်က တိုက်ပွဲဖြစ်နေတာ အခုလည်းဖြစ်နေတုန်းပဲ။ ၁၂ ခွဲက မြစ်ကြီးနားကနေ Mi35 နှစ်စင်းနဲ့ ဗုံးလာကြဲသွားတယ်။ စစ်ကောင်စီတပ်တွေ ပိတ်မိနေတော့ ကသာ မှာထိုင်တဲ့ (၃၀၂) တပ်မှလည်း လက်နက်ကြီးတွေ ပစ်ကူနေတယ်”
အခုတိုက်ပွဲဖြစ်ပွားနေတဲ့ စစ်ကောင်စီတပ်က ရှမ်းမြောက်၊ မဘိန်းမြို့နယ်၊ ငါးအိုးကျေးရွာ အခြေစိုက် ခလရ (၁၂၁) တပ်ဖြစ်ပြီး သင်္ဘောလုံခြုံရေးယူတာအပြင် နယ်မြေရှင်းလင်းရေး လုပ်ဖို့ အထိုင်ချနေတဲ့တပ်လို့ ကသာ PDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
တိုက်ပွဲမှာ PDF တွေဘက်က လေးဦးဒဏ်ရာ ရခဲ့သလို စစ်ကောင်စီဘက်က ၂၀ ဦး လောက် သေဆုံးနိုင်တယ်လို့ သူက ဆိုပါတယ်။
အခုဖြစ်ရပ်နဲ့ ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက် ကလည်း တစ်စုံတစ်ရာ မထုတ်ပြန်သေးပါဘူး။
သြဂုတ်လ ၁၉ ရက်နေ့ကလည်း ငါးအိုးကျေးရွာ အခြေစိုက် ခလရ (၁၂၁) တပ်၊ ရွှေကူ အခြေစိုက် ခလရ (၅၆)၊ ခမရ (၆၀၂) တပ်တွေက ကသာမြို့နယ် ကျောက်ထုံးကြီးရွာက နေအိမ် ငါးအိမ်လုံး မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်ခဲ့တယ် လို့ ဒေသခံတွေက ပြောကြပါတယ်။