PDF ထောက်ပံ့ကြောင်း စွပ်စွဲချက်နဲ့ ကျောက်မျက်လုပ်ငန်းရှင်တစ်ဦး အဖမ်းခံရ

စစ်ကောင်စီကို ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းတွေထံ ငွေကြေးထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မန္တလေးမြို့က မြန်မာသူရ ကျောက်မျက်ကုမ္ပဏီ ပိုင်ရှင် ဦးကျော်သူရကို စစ်ကောင်စီက ဖမ်းဆီး လိုက်ပြီး သူ့ရဲ့ ပိုင်ဆိုင်မှု အားလုံးကို သိမ်းဆည်းလိုက်တယ်လို့ စစ်ကောင်စီက ဩဂုတ်လ ၂၁ ရက် မနေ့က ထုတ်ပြန်ပါတယ်။
ဩဂုတ်လ ၁၇ ရက်နေ့ မနက်ပိုင်းမှာ ကျောက်မျက်လုပ်ငန်းရှင် ဦးကျော်သူရရဲ့ ယာဉ်မောင်း ဦးမွန်သူအောင်ကို စစ်တပ်က ဖမ်းဆီးရမိပြီး နေ့လယ်ပိုင်းမှာ ကိုကျော်သူရကို ချမ်းအေးသာစံ မြို့နယ်၊ ဇေယျာသီရိ လမ်းသွယ်က သူ့နေအိမ်မှာ ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
သူတို့နှစ်ဦးရဲ့ ထွက်ဆိုချက်တွေအရ သပိတ်အဖွဲ့ဝင် လှုပ်ရှားသူတွေ၊ CDM ဝန်ထမ်းတွေနဲ့ CRPH၊ NUG နဲ့ သူတို့ လက်အောက်ခံ အဖွဲ့တွေ အားလုံးကို ငွေကျပ်သိန်းပေါင်းများစွာနဲ့ မော်တော်ယာဉ် တွေ ထောက်ပံ့ကူညီခဲ့တယ်လို့ စစ်ကောင်စီက ဖော်ပြပါတယ်။
ဖမ်းဆီးခံရတဲ့အပြင် ဦးကျော်သူရ ပိုင်ဆိုင်တဲ့ နေပြည်တော်၊ မန္တလေး၊ မြစ်ကြီးနားနဲ့ ဖားကန့်တို့မှာ ရှိတဲ့ အိမ်၊ ခြံ၊ တိုက်၊ အဆောက်အအုံ၊ မော်တော်ယာဉ်တွေနဲ ပြောင်းရွှေ့နိုင်တဲ့ပစ္စည်း၊ မပြောင်း ရွှေ့နိုင်တဲ့ပစ္စည်း ပိုင်ဆိုင်မှု စုစုပေါင်း ကာလတန်ဖိုး ငွေကျပ်သိန်းပေါင်း တစ်သိန်းကျော်ကို စစ်ကောင်စီက သိမ်းယူခဲ့ပါတယ်။
NLD ပါတီရဲ့ လွှတ်တော် ကိုယ်စားလှယ် ဦးဘိုဘိုဦးကတော့ စစ်တပ်က တရားမဝင် အာဏာ သိမ်းထားတာဖြစ်လို့ အခုလုပ်ရပ်ကလည်း တရားမဝင်ဘဲ တစ်ချိန်မှာ ပြည်သူ့လက်ဝယ် ပြန်ရောက်ဖို့ မျှော်လင့်တယ်လို့ RFA ကို ပြောပါတယ်။
“နိုင်ငံရေးပါတီတွေ၊ လွတ်လပ်တဲ့ မီဒီယာတွေ၊ ပြည်သူတွေကို နှိပ်ကွပ်တယ်။ စီးပွားရေး လုပ်ငန်းရှင်တွေကိုလည်း မျိုးစုံလုပ်နေတယ်။ ဒါတွေက စကစရဲ့ ပြစ်မှုတွေချည်းပဲ။ ကျနော် ပြောချင်တာကတော့ တစ်ပြည်လုံး ခံနေရတဲ့အတွက် စိတ်မကောင်းဘူး။ တစ်ချိန်မှာတော့ ဒါတွေက ပြည်သူ့လက်ဝယ်ကို ပြန်ရောက်ရှိလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်”
ဦးကျော်သူရဟာ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက PDF တွေ ငွေကြေး ထောက်ပံ့တာ၊ လူမှုကွန်ရက်ကနေတစ်ဆင့် အိပန်ဆယ်လိုကို ထောက်ပံ့တာ၊ မန္တလေး တိုင်းအတွင်းက CDM ဝန်ထမ်းတွေကို ထောက်ပံ့တာနဲ့ မန္တလေးမြို့က ဆန္ဒပြသူတွေကို ထောက်ပံ့တာတွေလုပ်ခဲ့တယ်လို့ စစ်ကောင်စီဘက်က စွပ်စွဲထားပါတယ်။