စစ်တပ်ထုတ်ကုန်တွေ ဆိုင်မှာ တင်ရောင်းဖို့ စစ်ကောင်စီဖိအားပေး

RFA Burmese
2023.09.15
စစ်တပ်ထုတ်ကုန်တွေ ဆိုင်မှာ တင်ရောင်းဖို့ စစ်ကောင်စီဖိအားပေး ရန်ကုန်မြို့ရှိ စီးတီးမတ် စူပါမားကတ်တစ်ခုတွင် မြန်မာဘီယာများ ရောင်းချထားသည်ကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၂ ရက်နေ့က တွေ့ရစဉ်။
RFA

ရန်ကုန်မြို့ လသာမြို့နယ် ၁၉ လမ်းထဲက စားသောက်ဆိုင် ပိုင်ရှင်တွေကို သက်ဆိုင်ရာ ရပ်ကွက်ရုံးကိုခေါ်ယူပြီး စစ်တပ်ထုတ်ကုန် အရက်၊ ဘီယာတွေမရောင်းချရင် ဥပဒေအရ အရေးယူမှာဖြစ်လို့ ဒီထုတ်ကုန်တွေကို တင်ရောင်းကြဖို့ ဖိအားပေးခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့ စားသောက်ဆိုင်ပိုင်ရှင်တွေက RFA ကို စက်တင်ဘာ ၁၅ ရက်မှာ ပြောပါတယ်။

စက်တင်ဘာ ၁၃ ရက်မှာ စားသောက်ဆိုင်ပိုင်ရှင်တွေကို ရပ်ကွက်ရုံးကိုခေါ်ယူပြီး အရက်ဘီယာတွေကို ခွဲခြားဆက်ဆံတာမျိုး မလုပ်ဖို့နဲ့ မရောင်းတဲ့ဆိုင်ကို အရေးယူမယ့် အကြောင်း ပြောဆိုခဲ့တာလို့ ခေါ်ယူသတိပေးခံရတဲ့ စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

"ရပ်ကွက်ရုံးကိုခေါ်ပြီး သတိပေးသလိုလိုနဲ့ ခြိမ်းခြောက်လိုက်တာပါ။ ဆိုင်မှာ တခြားဘီယာအမျိုးစားတွေ အရက်တွေကို တင်ရောင်းသလို သူတို့တပ်ကထုတ်ထားတဲ့ မြန်မာဘီယာ၊ ရမ်အရက်နဲ့ ဆေးလိပ်တွေကို တင်ရောင်းပေးပါ။ ဘီယာအချင်းချင်း အရက် အချင်းချင်း ခွဲခြားမဆက်ပါနဲ့။ အဲဒီလိုခွဲခြားဆက်ဆံမယ်၊ တပ်ကထုတ်တဲ့ အရက်တွေ ဘီယာတွေ တင်မရောင်းဘူးဆိုရင် အဲဒီဆိုင်ကို ဥပဒေအရ အရေးယူသွားမယ်လို့ ခေါ်ခြိမ်းခြောက်တာ။ ဒီနေ့အထိတော့ ကျွန်တော်တို့ ၁၉ လမ်းထဲက ဆိုင်လာပြီး စစ်ဆေးတာတော့ မရှိသေးဘူး။ တခြားနယ်က စားသောက်ဆိုင်တွေတော့ လာစစ်တယ်ကြားတယ်"

ဒီလိုခေါ်ယူ သတိပေးတာတွေဟာ စစ်တပ်ထုတ်ဘီယာ၊ အရက်နဲ့ စားသောက်ကုန်အားလုံးကို နိုင်ငံအနှံ့မှာ ပြန်လည်နေရာယူ ရောင်းချနိုင်ဖို့ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးရာပြည့် ကိုယ်တိုင် ဦးဆောင်ညွှန်ကြားခဲ့တဲ့ စီမံချက်ကြောင့်လို့ သူက ဆိုပါတယ်။

အဲဒီပစ္စည်းတွေကို နေပြည်တော်အပါဝင် တိုင်းနဲ့ ပြည်နယ်အားလုံးမှာရှိတဲ့ စျေးဝယ်စင်တာ၊ စတိုးဆိုင်၊ စျေးဆိုင်၊ စားသောက်ဆိုင်တွေမှာ ပြန်ရောင်းချနိုင်ဖို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးအဖွဲ့၊ ရဲနဲ့ စည်ပင်တို့ကို စစ်ကောင်စီအဖွဲ့က ကြေးနန်းစာနဲ့ အမိန့် ပေးထားတယ်လို့လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြောက်ဥက္ကလာပ မြို့နယ်ထဲမှာရှိတဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

ဆိုင်တွေကို စစ်တပ်ထုတ်ကုန်တွေ ရောင်းချတာ ရှိ၊ မရှိ စစ်ဆေးပြီး နေ့စဉ် ညနေ ၆ နာရီအရောက် သတ်မှတ် စာရင်းဇယားတွေကို စာရွက်စာတန်းနဲ့တကွ သတင်းပို့ပေးရမှာ ဖြစ်တယ်လို့ သူကဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုလာတာ မရှိသေးပါဘူး။

စစ်ကောင်စီကို ခုခံတော်လှန်နေတဲ့ ကာကွယ်ရေးအဖွဲ့တွေကတော့ စစ်တပ် ထုတ်ကုန်တွေကို ဆိုင်တွေမှာ တင်မရောင်းဖို့နဲ့ ဆိုင်တွေမှာ တင်ရောင်းတာတွေ့ရင် အရေးယူသိမ်းဆည်းပြီး စစ်တပ်ထုတ်ကုန်တွေကို ဖျက်ဆီးမယ်လို့ ကာကွယ်ရေး တပ်ဖွဲ့တွေက ကြေညာထားပါတယ်။

အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (General Strike Coordination Body - GSCB) ကလည်း စစ်တပ်ထုတ်ကုန်တွေကို မသုံးစွဲကြဖို့ ပြည်သူတွေကို တိုက်တွန်းထားပါတယ်။

လက်ရှိ စစ်ကောင်စီတပ်ဟာ မြန်မာဘီယာအပြင် ဒဂုံအမည်နဲ့ အရက်၊ ဘီယာ၊ အချိုရည်၊ Andaman Gold အမည်နဲ့ အရက်၊ ဘီယာ၊ အချိုရည်၊ Black Shield ဘီယာ၊ မန္တလေးဘီယာ၊ မန္တလေးရမ်၊ အာမီရမ် စတာတွေအပြင် Red Ruby ဆေးလိပ်နဲ့ Premium Gold ဆေးလိပ်တွေကိုပါ စျေးကွက်ထဲမှာ ဖြန့်ချိရောင်းချနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။