စစ်တွေအခြေစိုက် ပရဟိတအသင်းတွေကို စစ်ကောင်စီ ကန့်သတ်ပိတ်ပင်

ရခိုင်ပြည်နယ် စစ်တွေမြို့အခြေစိုက် မေတ္တာရောင်ခြည် ပရဟိတအသင်းအပါအဝင် ပရဟိတအသင်း ၂၀ ကျော်ကို အလှူငွေကောက်ခံတာ မလုပ်ဖို့နဲ့ စစ်ဘေးဒုက္ခသည်တွေကို စားနပ်ရိက္ခာ ကူညီမယ်ဆိုရင်လည်း စစ်ကောင်စီ လက်အောက်ခံ အဖွဲ့အစည်းရဲ့ ထောက်ခံချက် ယူရမယ်လို့ စစ်ကောင်စီဘက်က ခေါ်ယူသတိပေးခဲ့ပါတယ်။
စစ်တွေမြို့ ဘီလူးမတံတားအနားမှာ အလှူငွေကောက်ခံနေတဲ့ ပရဟိတအသင်းအဖွဲ့ဝင် ၂၀ ကျော်ကို စစ်ကောင်စီ တပ်သားတွေနဲ့ ရဲတွေက ခေါ်ယူသတိပေးခဲ့တာလို့ ပရဟိတအဖွဲ့တွေက ပြောပါတယ်။
ဩဂုတ်လ ၂၀ ရက် မနေ့မှာ စစ်တွေမြို့အမှတ် (၁) ရဲစခန်းကို ခေါ်ယူသတိပေးခဲ့တာလို့ မေတ္တာရောင်ခြည် ပရဟိတအသင်းရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
"ကျနော်တို့ကို ဖိနှိပ်တဲ့သဘောပေါ့။ အလှူငွေ မကောက်ဖို့နဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေက စစ်ရှောင်တွေဆီ စားနပ်ရိက္ခာပို့မယ်ဆိုရင် ပြည်နယ်အစိုးရရဲ့ ခွင့်ပြုချက် တောင်းရမယ်။ မဟုတ်ရင် ခွင့်မပြုဘူး။ ကျနော်တို့ ရုံးက ဘယ်ပိုက်ဆံနဲ့ ဆောက်တာလဲ။ ဘယ်သူပိုင်တာလဲ မေးတယ်။ အရေးပေါ်ကားတွေက တရားဝင်လိုင်စင်မရှိရင် သိမ်းမယ်။ အဲလိုတွေပါ ပြောတာ။ ပြီးတော့ သူတို့ပြောတာတွေကို သိရှိတယ်ဆိုတဲ့ အကြောင်းကို လက်မှတ် ထိုးခိုင်းတာ။ ပရဟိတအဖွဲ့က တာဝန်ရှိသူကျနော်ပဲ ထိုးလို့မရဘူး။ တစ်ဖွဲ့သားလုံးကို ထိုးခိုင်းတာ"
တိုက်ပွဲဖြစ်နေတဲ့ ဒေသက စစ်ဘေးဒုက္ခသည်တွေကို အရေးပေါ်ကူညီရတဲ့ အခြေအနေတွေ ရှိတာကြောင့် အခုလို စာတင်ရမယ့်ကိစ္စက အချိန်ကြာမြင့်လို့ ရေရှည်အဆင်မပြေဘူးလို့ ဆိုပါတယ်။
ဘက်ပေါင်းစုံက လိုအပ်ချက်ရှိနေတဲ့ စစ်ဘေးဒုက္ခသည် စခန်းတွေအတွက် ပရဟိတ လူမှုကူညီရေး အသင်းတွေရဲ့ ပံ့ပိုးကူညီမှုတွေက လိုအပ်နေတယ်လို့လည်း ပရဟိတ အဖွဲ့ဝင်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မေလကစပြီး ရခိုင်ပြည်နယ် ကျောက်တော်၊ ပလက်ဝ၊ မောင်တော၊ ရသေ့တောင် စတဲ့မြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတာကြောင့် စစ်ဘေးဒုက္ခသည် လေးထောင်ကျော်အထိ တိုးလာပြီး တစ်ပြည်နယ်လုံးဆိုရင် ငါးသောင်းနီးပါးအထိ ရှိနေပြီလို့ စစ်ဘေးဒုက္ခသည်အရေး ကူညီဆောင်ရွက်နေသူတွေက ပြောပါတယ်။