ကလေးမြို့က ချင်းဘာသာစကားနဲ့ ထုတ်လွှင့်တဲ့ ရုပ်သံလိုင်းတွေ ရပ်ဆိုင်း

2021.11.29
ကလေးမြို့က ချင်းဘာသာစကားနဲ့ ထုတ်လွှင့်တဲ့ ရုပ်သံလိုင်းတွေ ရပ်ဆိုင်း ရုပ်သံလိုင်း ဖမ်းယူကြည့်ရှုလို့ရတဲ့စလောင်းကို နေအိမ်တစ်ခုမှာ တပ်ဆင်ထားစဥ်
Photo: CJ

စစ်ကိုင်းတိုင်း ကလေးမြို့ တောင်ဇလပ်ရပ်ကွက်နဲ့ မွန်းလိုင်ရပ်ကွက်က ချင်းတိုင်းရင်းသားဘာသာနဲ့ ထုတ် လွှင့်တဲ့ Zo Heisa Cable TV ဆိုတဲ့ ရုပ်သံလိုင်းက ဦးမာန်ရှားမန်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီး သွားတယ်လို့ ကလေးမြို့ဒေသခံတွေက ပြောပါတယ်။

အဲဒီရုပ်သံလိုင်းလွှင့်တဲ့နေရာက ပစ္စည်းတွေလည်း ဖျက်ဆီးခံလိုက်ရတယ်လို့ ကလေးမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

"မွန်းလိုင်ဘောလုံးကွင်းဘေးမှာရှိတဲ Zo Heisa Cable Line က ဦးစီးတဲ့ ဦးမာန်ရှားမန်ကို ဖမ်းသွားတယ် လို့ သိရတယ်။ သူ့ကိုဖမ်းသွားတာက MRTV ကနေ တရားစွဲထားတယ်တဲ့။ အဲလိုသိထားရတယ်။ ပြီးတော့ အာမခံပေးလို့ မရဘူးတဲ့။ အဲဒီမှာတော့ ပစ္စည်းတွေလည်း ဖျက်ဆီးသွားတယ်"

ကလေးမြို့နယ်ထဲ ချင်းတိုင်းရင်းသားဘာသာစကားပြော ရုပ်သံလိုင်းတွေဟာ နိုဝင်ဘာ ၂၇ ရက်နေ့ ညနေပိုင်း လောက်ကစပြီး ရပ်သွားကာ လိုင်းတွေလည်း ဖမ်းယူကြည့်လို့ မရတော့ဘူးလို့ ကလေးမြို့ ခံတွေက ပြော ပါတယ်။

နိုင်ငံရေးသတင်းတွေကို တင်ဆက်နေတာမဟုတ်ဘဲ သီချင်း၊ ဂီတ၊ ကာတွန်း၊ နိုင်ငံခြားဇာတ်လမ်းတွဲတွေနဲ့ ကိုဗစ်သတင်းတွေကိုသာ ဦးစားပေးတင်ဆက်နေတာကြောင့် ဘာကြောင့်ပိတ်လိုက်ရသလဲ နားမလည်နိုင်ဘူး လို့ နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။

ကလေးမြို့နယ်ထဲမှာ ချင်းတိုင်းရင်းသား ဘာသာစကားနဲ့ ထုတ်လွှင့်တဲ့ ရုပ်သံလိုင်း ငါးခုကျော်ရှိပြီး အိန္ဒိယနိုင်ငံက ဂြိုဟ်တုစလောင်းကတဆင့် ကလေးမြို့နယ်ထဲက နေအိမ်တွေမှာ စလောင်းတပ်ဆင်ပြီး တစ်လ ၅၀၀၀ ကျပ်နဲ့ ကြည့်ရှုနေကြတာပါ။

ပြည်တွင်းမှာ တရားဝင်အဖြစ် လိုင်စင်လျှောက်ဖို့ သက်ဆိုင်ရာဌာနတွေမှာ ကြိုးစားခဲ့ပေမယ့် ထုတ်လွှင့်တဲ့ ဧရိယာ ကျဉ်းတာကြောင့် လိုင်စင်ထုတ်မပေးတာလို့ အဲဒီရုပ်သံလိုင်းလုပ်သူတွေနဲ့ နီးစပ်တဲ့ဒေသခံတစ်ဦးက ပြောပါတယ်။

ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း DVB၊ Mizzima၊ Myanmar Now၊ 7Day၊ ခေတ်သစ် စတဲ့ သတင်းဌာနတွေ ပိတ်သိမ်းခံထားရပါတယ်။ 7Days သတင်းဌာနတစ်ခုတည်းသာ လုပ်ငန်း ရပ်ဆိုင်းထားပြီး ကျန်သတင်းဌာနတွေက ရေးသားထုတ်လွှင့်နေဆဲဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။