စစ်ကောင်စီက အကျဉ်းသား ၅၈၀၀ ကျော်ကို လွတ်ငြိမ်းခွင့်ပေး
2025.01.03

စစ်ကောင်စီက နိုင်ငံတစ်ဝန်းမှာ အကျဉ်းကျခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူ ၅၈၆၄ ဦးကို ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့်ပြုလိုက်တယ်လို့ ဇန်နဝါရီလ ၄ ရက် ဒီနေ့မနက်မှာ အမိန့်ထုတ်ပြန်ပါတယ်။
ဒီနေ့ကျရောက်တဲ့ ၇၇ နှစ်မြောက်လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ အခုလို အကျဉ်းသား၊ အကျဉ်းသူတွေကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်တာဖြစ်ပြီး ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁ (၁) အရ နောက်တစ်ကြိမ် ပြစ်မှုကျူးလွန်ရင် အဲဒီပြစ်မှုအပြင် ယခင်ကျခံရမဲ့ ပြစ်ဒဏ်တွေကိုပါ ဆက်လက်ကျခံရမဲ့ စည်းကမ်း သတ်မှတ်ချက်လည်း ပါဝင်ပါတယ်။
အခုပြန်လွတ်လာတဲ့ အကျဉ်းသား၊ အကျဉ်းသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသား ဘယ်လောက်ပါလဲဆိုတာ RFA က ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်က လူမှုကွန်ရက်စာမျက်နှာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် သတင်းတွေထွက်ခဲ့တဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ လွတ်ငြိမ်းခွင့်ပြုတာ ဒါမှမဟုတ် နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့တာမျိုး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
အကျဉ်းထောင်၊ အချုပ်ထောင်တွေမှာ ထောင်ဒဏ်တစ်သက် ကျခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူ ၁၄၄ ဦးကို ထောင်ဒဏ် ၁၅ နှစ် လျှော့ပေါ့ပြောင်းလဲပြီး ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် ပြုလိုက်တယ်လို့ ဆိုပါတယ်။
နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေးနဲ့ လူသားချင်းစာနာထောက်ထားမှုကို အလေးထားတဲ့အနေနဲ့ နိုင်ငံခြားသား အကျဉ်းသူ၊ အကျဉ်းသား ၁၈၀ ကိုလည်း ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁ (၁) နဲ့အတူ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုပြီး ပြည်နှင်ဒဏ်ပေးလိုက်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
အကြမ်းဖက်တိုက်ဖျက်ရေး၊ မတရားအသင်းဆက်သွယ်မှု၊ လက်နက်များအက်ဥပဒေ၊ အဂတိလိုက်စားမှု၊ မူးယစ်ဆေးဝါးမှု၊ လူသတ်မှု၊ အဓမ္မပြုကျင့်မှု၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ စတဲ့ အမှုတွေနဲ့ ပြစ်ဒဏ်ကျခံနေသူတွေကလွဲလို့ တခြား အမှုတွေနဲ့ ပြစ်ဒဏ်ကျခံနေရသူတွေကိုလည်း ကျခံနေရတဲ့ ပြစ်ဒဏ်ရဲ့ ခြောက်ပုံ တစ်ပုံကို လျှော့ပေါ့လိုက်တယ်လို့ ဆိုပါတယ်။