မတ္တရာမြို့နယ်မှာ စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးတစ်ဦး အသတ်ခံရ
2024.04.24
စစ်ကောင်စီရဲ့ မန္တလေးတိုင်း မတ္တရာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးသက်နိုင်စိုးဟာ ဧပြီလ ၂၄ ရက်နေ့က မတ္တရာမြို့ အမှတ် ၅ ရပ်ကွက်က လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ ရှိနေစဉ် ပစ်ခတ်သတ်ဖြတ် ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းတာဝန်ခံ ကိုဗိုလ်တောက်ကတော့ ဗိုလ်မှူးသက်နိုင်စိုးကို ဒေသတော်လှန်ရေးတပ်ဖွဲ့တစ်ခုက ပစ်ခတ်ခဲ့တာလို့ RFA ကို ပြောပါတယ်။
“ဗိုလ်မှူး သက်နိုင်စိုးကို လက်ဖက်ရည်ဆိုင်မှာ ဝင်ရောက်ပစ်ခတ်ခဲ့ပါတယ်။ အဲဒီနောက် မြို့ပေါ်မှာ စစ်ဆေးရေးတွေ တင်းတင်းကျပ်ကျပ်လုပ်တယ်။ ပြီးရင် လမ်းတချို့ကို ပိတ်ထားတာရှိတယ်”
ဗိုလ်မှူး သက်နိုင်စိုးဟာ မတ္တရာမြို့နယ်ကို ပြောင်းရွှေ့တာဝန်ကျတာ လေးလခန့်ရှိနေပြီး အဲဒီနောက်မှာတော့ ဒေသတွင်းမှာ စစ်ကြောင်းထိုးတာ၊ နေအိမ်တွေ မီးရှို့ခံရတာနဲ့ အရပ်သားသတ်ဖြတ်ခံရတာတွေ ပိုများလာတာလို့ သူက ဆိုပါတယ်။
မတ္တရာမြို့ပေါ်မှာ ပစ်ခတ်မှုတွေဖြစ်ပြီးနောက် မနေ့ကညပိုင်းစလို့ မတ္တရာမြို့နယ် အနောက်ဘက်ခြမ်းက ဥဒိန်ရွာအပါအဝင် ရွာတချို့ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက် စီးနင်းလာတာကြောင့် ဒေသခံတွေ ထွက်ပြေးနေရပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတုန်းကလည်း မတ္တရာမြို့နယ် စစ်သားစုဆောင်းရေးတပ်က ဗိုလ်မှူးအောင်နိုင်စိုးကို ဒေသအခြေစိုက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ပစ်ခတ်လို့ သေဆုံးခဲ့ပါတယ်။