မိုးညှင်းမြို့မှာ အာဏာသိမ်းမှု ဆန့်ကျင်သူနှစ်ဦးရဲ့ နေအိမ်တွေ ချိပ်ပိတ်ခံရ

2022.08.22
မိုးညှင်းမြို့မှာ အာဏာသိမ်းမှု ဆန့်ကျင်သူနှစ်ဦးရဲ့ နေအိမ်တွေ ချိပ်ပိတ်ခံရ ကသာမြို့ပေါ်က ချိပ်ပိတ်ခံရသည့် ဦးကျော်ခိုင်ဝင်း၏ နေအိမ်ကို မြင်ရစဥ်
Photo: Citizen Journalist

ကချင်ပြည်နယ် မိုးညှင်းမြို့မှာ အာဏာသိမ်းမှုကို ဆန့်ကျင်လို့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ မြို့ခံနှစ်ဦးရဲ့ နေအိမ် နှစ်လုံးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ စွပ်စွဲပြီး ချိပ်ပိတ် ခံခဲ့ရတယ်လို့ ဒေသခံတွေက ဩဂုတ်လ ၂၂ ရက် ဒီနေ့ ပြောပါတယ်။

ဩဂုတ်လ ၁၈ ရက်နေ့မှာ ချိပ်ပိတ်ခဲ့တာဖြစ်ပြီး မိုးညှင်းဒေသခံ ကိုဝေယံ ရဲ့ Life Café ဆိုင်နဲ့ ဦးကျော်ခိုင်ဝင်းရဲ့ ကြယ်စင် စတိုးတို့ကို ချိပ်ပိတ်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အခုပိတ်တာက ကိုဝေယံရဲ့ Life Café ဆိုင်ပေါ့နော်။ သူတို့မိသားစုလည်း အဲမှာပဲ နေကြတယ်။ ကြယ်စင် စတိုး ကကျတော့ ဦးကျော်ခိုင်ဝင်းရဲ့အိမ်ပေါ့။ အောက်ထပ်မှာ ဆိုင်ဖွင့်တာ၊ အပေါ်ထပ်မှာ လူနေတယ်။ သူက ရှစ်လေးလုံးကျောင်းသားဟောင်းပဲ။ သူတို့နှစ်ယောက်က ရွေး ကောက်ပွဲကာလတုန်းကလည်း တက်ကြွလှုပ်ရှားတယ်၊ ဆန္ဒထုတ်ဖော်တဲ့အချိန်တွေမှာလည်း ပါဝင်ကြတာ ဟုတ်တယ်”

ကိုဝေယံဟာလည်း ပရဟိတအလုပ်တွေ လုပ်ကိုင်သလို အပျော်တမ်း ဓာတ်ပုံဆရာလည်း ဖြစ်လို့ အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို မှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့သူလို့ သူက ဆိုပါတယ်။

သူတို့နှစ်ဦးစလုံးဟာ ရာဇသတ်ကြီးပုဒ်မ ၅၀၅ - က နဲ့ ဖမ်းဝရမ်းထုတ်ခံထားရလို့ လက်ရှိမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်းတစ်နှစ်ခွဲကျော်အတွင်း ကချင်ပြည်နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးတွေ၊ NLD လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပြည်သူတွေရဲ့ နေအိမ် ၁၃ လုံးထက်မနည်း ချိပ်ပိတ်ခံခဲ့ရပါတယ်။

စစ်တပ်က အာဏာသိမ်းချိန်ကစလို့ ၂၀၂၂ ခုနှစ် ဇူလိုင်လကုန်ထိ နိုင်ငံတစ်ဝန်းမှာ နေအိမ်၊ အဆောက်အအုံ စုစုပေါင်း ၇၀၉ ခုထက်မနည်း ချိပ်ပိတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်း သားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဩဂုတ် ၁၉ ရက်နေ့မှာ ထုတ်ပြန်ထား ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။