ပုသိမ်မှာ တပ်မတော်ထောက်ခံသူတွေနဲ့ ကန့်ကွက်သူတွေကြား ရဲတပ်ဖွဲ့ ဖြေရှင်းပေးရ

ပုသိမ်မြို့မှာ တပ်မတော်ထောက်ခံပွဲ လုပ်တဲ့သူတွေနဲ့ သပိတ်မှောက်ဆန္ဒပြကြတဲ့ ဒေသခံတွေ ဒီနေ့ ထိပ်တိုက် တွေ့ဆုံပြီး တစ်ဖက်နဲ့တစ်ဖက် သဘောထားတင်းမာခဲ့လို့ ရဲတပ်ဖွဲ့က လာရောက်ဖြေရှင်းပေးခဲ့ရပါတယ်။
ဒီနေ့ နေ့လယ်ပိုင်းက ပုသိမ်မြို့ ကန်သာယာကွင်းမှာ တပ်မတော်ထောက်ခံသူတွေ စုဝေးပြီး မြို့ထဲကို လှည့်လှည်ခဲ့ကြတာပါ။
တပ်မတော်ထောက်ခံသူတွေ လှည့်လည်တဲ့ လမ်းတစ်လျှောက်က ပြည်သူတွေက သံပုံးတွေတီးကာ အော်ဟစ်မောင်းထုတ်ခဲ့ကြပါတယ်။
တပ်မတော်ထောက်ခံသူတွေ စုဝေးတဲ့ နေရာအထိကို ဒေသခံတွေက သံပုံးတီးကာ လိုက်လံမောင်းထုတ် ခဲ့တာကြောင့် လမ်းပိတ်ဆို့တာတွေ ဖြစ်ပေါ်လာတဲ့အတွက် ရဲတပ်ဖွဲ့က လာရောက်ဖြေရှင်းပေးခဲ့ရပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပုသိမ်မြို့မှာ လူဦးရေ သိန်းချီပါဝင်တဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေတာ ဒီနေ့ဆိုရင် ရှစ်ရက်ဆက်တိုက်ရှိနေပြီ ဖြစ်ပါတယ်။
တပ်မတော် ထောက်ခံသူတွေကလည်း စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ထောက်ခံဆန္ဒပြပွဲလုပ်တာ နှစ်ကြိမ်ရှိပြီ ဖြစ်ပါတယ်။
တပ်မတော်ထောက်ခံပွဲတွေမှာပါဝင်တဲ့ လူဦးရေက ပထမအကြိမ်တုန်းက တစ်ထောင်ခန့်ရှိပြီး ဒီနေ့မှာတော့ တခြားမြို့နယ်တွေကပါ လာရောက်ပူးပေါင်းတာကြောင့် လူဦးရေ သုံးထောင်ခန့်ရှိတယ်လို့ သိရပါတယ်။