စစ်အင်အားဖြည့်တင်းဖို့ စစ်မှုထမ်း အပတ်စဉ် ၆ သင်တန်းကို စစ်ကောင်စီ ခေါ်ယူ
2024.10.19

နိုင်ငံတစ်ဝန်း တိုက်ပွဲတွေပြင်းထန်နေပြီး မြို့တွေကို လက်လွှတ်ဆုံးရှုံးနေရချိန်မှာပဲ စစ်အင်အားဖြည့်တင်းဖို့ စစ်မှုထမ်း သင်တန်း အပတ်စဉ် ၆ သင်တန်းကို ခေါ်ယူလိုက်တယ်လို့ စစ်ကောင်စီရဲ့ သတင်းစာတွေက အောက်တိုဘာလ ၁၉ ရက် ဒီနေ့မှာ ဖော်ပြပါတယ်။
စစ်မှုထမ်း အပတ်စဉ် ၆ သင်တန်းတက်ရောက်မဲ့ သင်တန်းသားတွေကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်တွေရဲ့ သင်တန်းကျောင်းအသီးသီးက ဂုဏ်ပြု ကြိုဆိုကြောင်း စစ်ကောင်စီတပ် ထောက်ခံတဲ့ တယ်လီဂရမ်စာမျက်နှာ တွေမှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီဟာ အပတ်စဉ် ၆ စစ်မှုထမ်းသင်တန်းအတွက် ကလေးမြို့၊ ရေနံချောင်းမြို့ စတဲ့မြို့နယ်တချို့က ဒေသခံ လူငယ်တွေကို ဖမ်းဆီးပြီး အတင်းအဓမ္မ လူသစ်စုဆောင်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာ စစ်ကောင်စီဘက်က တပ်သား သေဆုံးမှုများပြားတာကြောင့် လူသစ်စုဆောင်းပြီး စစ်သင်တန်းပေးနေတာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မန္တလေးရဲ့ ပြောခွင့်ရသူ ကိုအော်စမွန် က RFA ကို ပြောပါတယ်။
"စစ်ကောင်စီအနေနဲ့ တပ်ဖွဲ့၀င်အင်အား အလွန်အကျွံလျော့နည်းနေပြီး လက်ရှိ စစ်ကောင်စီတပ်ဖွဲ့၀င်တွေဟာ ဒေသအသီးသီးမှာ စစ်ရေးအရ အရေးမသာမှုတွေ ဖြစ်နေတယ်။ ထိခိုက်အကျအဆုံး များပြားနေတာ ရှိသလို ထွက်ပြေးတဲ့ တပ်ပြေးတွေလည်း များနေတယ်။ ဒါက ဒေသတိုင်းမှာ ဖြစ်တဲ့ အခြေအနေပါ။ ရှိတဲ့ တပ်ဖွဲ့၀င်တွေကလည်း တိုက်လို့ခိုက်လို့ လျော့နည်းနေပြီး အလွယ်တကူ စခန်းစွန့်ခွာတာ၊ အလံဖြူထောင်တာမျိုးတွေလည်း တွေ့လာရတယ်။ ဒါကြောင့် သူတို့အနေနဲ့ တပ်အင်အား ပြန်ဖြည့်ဖို့ ရတဲ့ နည်းလမ်းနဲ့ ကြိုးစားနေတာမျိုး ဖြစ်မယ်လို့ ကျွန်တော်တို့ သုံးသပ်တယ်"
စစ်မှုထမ်းသင်တန်း အပတ်စဉ် ၆ အတွက် တက်ရောက်မဲ့ သင်တန်းသား အရေအတွက်ကိုတော့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားတာ မရှိပါဘူး။
စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ အမှတ်စဉ်တစ်ခုကို လူငါးထောင်နှုန်းနဲ့ တစ်နှစ်ကို အင်အားငါးသောင်းနှုန်း ခေါ်ယူသွားမယ်လို့ အခုနှစ် ဖေဖော်ဝါရီလထဲမှာ စစ်ကောင်စီရဲ့ မီဒီယာတွေကတစ်ဆင့် ပြောထားပါတယ်။