ရင်ငြိမ်း ကျေးရွာပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရ
2023.02.15
နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် မွန်ပြည်နယ်၊ ပေါင်မြို့နယ် ရင်ငြိမ်းကျေးရွာ ပြည်သူ့စစ်ခေါင်းဆောင် ဦးမြင့်ရီ(ခေါ်) ပေါပီ ဆိုသူကို ပစ်ခတ်ခဲ့တယ်လို့ အထူးစစ်ဆင်ရေး တပ်ဖွဲ့ S.O.F ပြန်ကြားရေး တာဝန်ခံက ဖေဖော်ဝါရီ ၁၅ ရက်နေ့ ဒီနေ့မှာ RFA ကိုပြောပါတယ်။
ဒီနေ့မနက် ၇ နာရီကျော်လောက်မှာ ပြည်သူ့စစ်ခေါင်းဆောင် ဦးမြင့်ရီနဲ့ အတူ ၆ ယောက်လောက်ဟာ လက်ဖက်ရည်ဆိုင်မှာ ထိုင်နေချိန် ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။ ဦးမြင့်ရီဟာ ခြေမြန်တပ်မ ဌာနချုပ် တပ်မ (၄၄) စစ်မှူထမ်းဟောင်း အဖွဲ့ဝင်တစ်ဦး ဖြစ်တယ်လို့ ပြောပါတယ်။
ဦးမြင့်ရီ ဆိုသူဟာ စကစလက်အောက်ခံ ပျူသင်တန်း ပေးနေသူဖြစ်ပြီး ပေါင်မြို့နယ် ရင်ငြိမ်း ကျေးရွာက CDM ဝန်ထမ်းတွေနဲ့ လူငယ် ၅ ဦး ကိုဖမ်းဆီးပြီး တစ်ယောက်ကို ငွေကျပ် သိန်း ၈၀ နဲ့ ပြန်ရွေးခိုင်းခဲ့တဲ့ အခြေအနေတွေကို ကျူးလွန်ခဲ့တယ်လို့ ပြောပါတယ်။
ပြည်သူ့စစ်ခေါင်းဆောင် ဦးမြင့်ရီ ပစ်ခတ်ခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီ လက်အောက်ခံ မွန်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ ဦးတိုးဝင့် ဆိုသူကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေကြားတာ မရှိပါဘူး။
S.O.F အနေနဲ့ စစ်ကောင်စီထောက်တိုင်တွေကို တောင်ပိုင်း စစ်ဒေသကွပ်ကဲရေးအဖွဲ့ရဲ့ လမ်းညွှန်ချက်တွေနဲ့ မြို့ပေါ်က အုပ်ချုပ်ရေးမှူး၊ ရဲဝန်ထမ်းနဲ့ စစ်တပ်ထောက်တိုင်တွေကို ပစ်ခတ်ရှင်းလင်းတာတွေ လုပ်ဆောင်နေပြီး ကျေးလက်တိုက်ခိုက်ချေမှုန်းရေးတွေမှာလည်း ပါဝင်တိုက်ခိုက်နေတယ်လို့ ပြောပါတယ်။