ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ပြောင်းဖို့ စဉ်းစားမယ်လို့ စစ်ခေါင်းဆောင်ပြော
ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ကို ပြောင်းရွှေ့ဖို့ စဉ်းစားမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မနေ့က ပြောကြား ပါတယ်။ ဒါပေမဲ့ စွဲဆိုထားတဲ့အမှုတွေအပေါ် စီရင်ချက်ချပြီးမှသာ အကျယ်ချုပ်ကျခံရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဒီထက်ပိုပြီး အရေးယူ ဆောင်ရွက်မှုတွေ လုပ်နိုင်ပေမယ့် သက်ညှာခဲ့တယ်လို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကို နေအိမ်ပြန်ပို့ရေး ကုလသမဂ္ဂ အထူးသံတမန်က တောင်းဆိုခဲ့တဲ့အပေါ် စစ်ကောင်စီ ဥက္ကဋ္ဌက ခုလို တုံ့ပြန်တာဖြစ်တယ်လို့ CNA သတင်းက ဖော်ပြပါတယ်။
အသက် ၇၇ နှစ် ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့က နေပြည်တော် အချုပ်ထောင်ထဲကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ အမှုပေါင်း ၁၉ ခုနဲ့ တရားစွဲဆိုခံထားရပြီး လက်ရှိမှာ အမှု ၁၀ မှုအတွက် ထောင်ဒဏ် ၁၇ နှစ် ချမှတ် ခံထားရသလို ကျန်နေတဲ့ အမှုတွေကိုလည်း အချုပ်ထောင်တွင်း တရားရုံးမှာပဲ ဆက်လက် တရားရင်ဆိုင်နေရပါတယ်။