မင်္ဂလာဒုံ ဘုန်းကြီးကျောင်း ဖျက်ဆီးခံရ
2016.04.13
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၊ ပေါင်းကူးဉာဏတောင်ရပ်ကွက်မှာရှိတဲ့ နိသာကရာ ရာမ မိုးကောင်းပရိယတ္တိ စာသင်တိုက်မှာ ကျောင်းဆောင်သစ်ဆောက်လုပ်နေတာကို လူအင်အား ၃၀ လောက်က မနေ့ညက နှစ်ကြိမ်တိုင်တိုင် ဝင်ရောက်ဖျက်ဆီးသွားတယ်လို့ ကျောင်းတိုက်တာဝန်ရှိသူတွေက ပြောပါတယ်။
လတ်တလောမှာ ကျောင်းဆောင်သစ်ဆောက်လုပ်မှုကို ရပ်နားထားပြီး မနေ့ကဖြစ်ပွားခဲ့တဲ့ အခြေအနေကို မင်္ဂလာဒုံမြို့နယ် ရဲစခန်းထံ အကြောင်းကြားထားတယ်လို့ ကျောင်းတိုက် အကျိုးတော်ဆောင်အဖွဲ့ အတွင်းရေးမှူး ဦးချစ်ဦးမောင် က ပြောပါတယ်။
"မနေ့က မနက်ပိုင်း ၁ဝ နာရီလောက်မှာ ဇေကမ္ဘာက လုံခြုံရေးတာဝန်ခံ ကိုမျိုးခိုင် ဆိုတဲ့သူနဲ့ နောက်ဇေကမ္ဘာက လုံခြုံရေး ယူနီဖောင်းတွေ ဝတ်ထားတဲ့သူ အယောက် ၂ဝ လောက်က ကျောင်းကိုရောက်လာတယ်ပေါ့နော် ၊ ကျောင်းခြံစည်းရိုး အကာအရံတွေကို ဖျက်ပြီးတော့ အထဲကိုဝင်လာတယ်၊ ဆောက်နေတဲ့ကျောင်းကို သူ့ လူတွေကို ဖျက်ခိုင်းတယ်၊ ကျနော်တို့က တားတဲ့အတွက် ပြန်ထွက်သွားတယ်၊ အဲ့ဖြစ်စဉ်ကို ည ၈ နာရီလောက်မှာ ရဲစခန်းကို အမှုဖွင့်ဖို့သွားတယ်၊ ရဲစခန်းက အမှုဖွင့်မပေးလိုက်ဘဲနဲ့ ရဲ့နေ့စဉ်မှတ်တမ်းမှာပဲ ယူလိုက်တယ်၊ ကျနော်တို့ကပြန်လာတယ်၊ ၉ နာရီလောက်ဖြစ်သွားပြီပေါ့၊ အဲ့အချိန်မှာပဲ လူ ၃ဝ လောက်က ရောက်လာပြီး ခြံစည်းရိုးတွေကို အတင်းဝင်ဖျက်တယ်၊ သူတို့က မှောင်တဲ့ဘက်ကနေပြီးတော့ဝင်လာပြီး ဆောက်တဲ့ကျောင်းကို အတင်းဝင်ဖြိုသွားတယ်"
လူအင်အား ၃၀လောက်ဟာ ဆင်တူအကျီ ၤတွေ ဝတ်ဆင်ထားတာဖြစ်ပြီး မနေ့ညက ဒုတိယအကြိမ် ဝင်ရောက် ဖျက်ဆီးချိန်မှာ အော်ဟစ်တားမြစ်ခဲ့တဲ့ ဦးချစ်ဦးမောင်ကို လေးခွနဲ့ပြန်လည်ပစ်ခတ်တာတွေ ရှိခဲ့တယ်လို့ လည်း ပြောပါတယ်။
ဦးချစ်ဦးမောင် က ဝင်ရောက်ဖျက်ဆီးသူတွေက ဇေကမ္ဘာကုမ္ပဏီဝန်ထမ်းတွေလို့ ပြောပေမယ့် ဇေကမ္ဘာကုမ္ပဏီ ဘက်ကို ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။ နိသာကရာ ရာမ မိုးကောင်းကျောင်းတိုက်ဟာ ၁၀ နှစ်နီးပါး တည်ရှိခဲ့တာဖြစ်ပြီး လက်ရှိကျောင်းတိုက်မှာ သံဃာ ၂ ပါး သီတင်းသုံးနေပြီး ကျောင်းဆောင်သစ်ကို မနေ့က စတင်ဆောက်လုပ်တာဖြစ်ပါတယ်။
အဲ့ဒီမြေနေရာဟာ ပေ ၁၀၀ ပတ်လည်ရှိပြီး ကျောင်းမြေနေရာလှူထားတဲ့ လယ်သမားတွေနဲ့ ဇေကမ္ဘာကုမ္ပဏီ အကြား ပိုင်ဆိုင်မှု အငြင်းပွားခဲ့တဲ့ မြေနေရာလည်းဖြစ်ပါတယ်။