လားရှိုးမြို့နယ် နမ့်ပေါင်ရွာအခြေစိုက် တပ်ရင်းကို MNDAA သိမ်းပိုက်

RFA Burmese
2024.07.06
လားရှိုးမြို့နယ် နမ့်ပေါင်ရွာအခြေစိုက် တပ်ရင်းကို MNDAA သိမ်းပိုက် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တပ်ဖွဲ့ဝင်တချို့အား တွေ့ရစဉ်။
The KoKang

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ် နမ့်ပေါင်ရွာမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း ခလရ (၂၉၁) ကို ကိုးကန့်တပ် (MNDAA) နဲ့ ပူးပေါင်းအဖွဲ့က ဇူလိုင်လ ၅ ရက်နေ့မှာ သိမ်းလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နမ့်ပေါင်တပ်ရင်းကို MNDAA ပူးပေါင်းအဖွဲ့က ဇူလိုင် ၃ ရက်နေ့က စတင်တိုက်ခိုက်ခဲ့ပြီး သုံးရက်အကြာမှာ သိမ်းယူနိုင်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီတပ်ရင်းကို သိမ်းယူလိုက်ပြီးနောက် ဒီနေ့မနက်ကစပြီး လားရှိုးမြို့အနီးမှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ စစ်ရေးအခြေအနေကိုသိတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“နမ့်ပေါင်တပ်စခန်းကို မနေ့ကတည်းက သိမ်းလိုက်ပြီလို့ ကြားတယ်။ အဲဒီကနေမှ လားရှိုးဘက်ကို MNDAA အဖွဲ့က အင်အားအလုံးအရင်းနဲ့ ထပ်တက်လာတာ။ ဒီမနက်လည်း လားရှိုးနားမှာ တိုက်ပွဲတွေပြင်းထန်နေတယ်။ သေနတ်ငယ်သံ၊ လက်နက်ကြီးသံတွေ ကြားနေရတယ်”

လားရှိုးမြို့အနီးမှာရှိတဲ့ ခြေလျင်တပ်ရင်း ခလရ (၆၈) နဲ့ ခြေမြန်တပ်ရင်း ခမရ (၅၀၇) တပ်စခန်းတွေကို MNDAA ပူးပေါင်းအဖွဲ့က ဆက်ပြီးတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီဘက်ကလည်း လေကြောင်းနဲ့ အပြင်းအထန် လာရောက်တိုက်ခိုက်နေတယ်လို့လည်း ဆိုပါတယ်။

ဒီအပေါ် တိတိကျကျသိရဖို့ MNDAA ပြောခွင့်ရသူနဲ့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူကို RFA က ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

ဇွန် ၂၅ ရက်နေ့ကစပြီး ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအဖြစ် ရှမ်းမြောက်နဲ့ မန္တလေးတိုင်းက မြို့လေးမြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို TNLA၊ MNDAA နဲ့ မန္တလေး ကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်နေတာပါ။

ဒီစစ်ဆင်ရေးအတွင်း မြို့တစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်နိုင်တာ မရှိသေးပေမဲ့ မိုးကုတ်၊ နောင်ချိုမြို့နယ်တွေမှာ နယ်မြေအများစုကို တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။