မုန်တိုင်းသင့်ဒေသခံ ၇၀ ရာခိုင်နှုန်းခန့် အရေးပေါ်အကူအညီ လိုနေဆဲဖြစ်ကြောင်း AA ပြော
2023.06.16

မိုခါမုန်တိုင်းကြောင့် နေအိမ်တွေ အများအပြားပျက်စီးသွားတဲ့ ရခိုင်ပြည်နယ်မှာ ၇၀ ရာခိုင်နှုန်းအထိ အရေးပေါ် အကူအညီ လိုအပ်နေဆဲလို့ ရက္ခိုင့်တပ်တော် (AA)/ULA ရဲ့ MOCHA ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် အာရက္ခ အရေးပေါ် ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ကော်မတီ(Cyclone Mocha ERRCA)က ဇွန်လ ၁၅ ရက် မနေ့က ထုတ်ပြန်ပါတယ်။
ရခိုင်မှာ မုန်တိုင်းကြောင့် ရွာပေါင်း နှစ်ထောင်ကျော်က အိမ်ခြေ စုစုပေါင်း ၂၈၈, ၅၃၀ ဆောင် ပျက်စီးသွားပြီး ဒေသခံပြည်သူ ဆယ့်ငါးသိန်းကျော် ထိခိုက်နစ်နာခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအထဲက စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေတဲ့ အိမ်ထောင်စု နှစ်သိန်းနီးပါးရှိပြီး အမိုးအကာလိုအပ်နေတဲ့ အိမ်ထောင်စုကတော့ တစ်သိန်းခုနှစ်သောင်းနီးပါး အထိရှိနေတာလို့ ဆိုပါတယ်။
ကျန်တဲ့ အိမ်ထောင်စု နှစ်ထောင်ကျော်ကတော့ နိုင်ငံတကာအဖွဲ့တွေ၊ အရပ်ဘက် အဖွဲ့တွေနဲ့ အလှူရှင်တွေကနေ အရေးပေါ်စားနပ်ရိက္ခာ ထောက်ပံ့မှုရရှိထားပြီး အိမ်ထောင်စု ငါးသောင်းကျော်မှာလည်း အမိုးအကာရရှိထားတယ်လို့ ထုတ်ပြန်ချက်ပါရှိပါတယ်။
ရခိုင်မှာ မုန်တိုင်းကြောင့် အကြီးအကျယ် ပျက်စီးသွားတာကြောင့် ဒေသခံတွေ ပြန်လည်ထူထောင်ရေးအတွက်လည်း ခက်ခဲနေတယ်လို့ ဆိုပါတယ်။
အခုလို ဒေသခံတွေ အကူအညီ လိုအပ်နေပေမယ့် စစ်ကောင်စီကတော့ ရခိုင်မှာ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့တွေရဲ့ လူသားချင်းစာနာမှု အကူအညီထောက်ပံ့ရေး သွားလာခွင့်ကို ဇွန်လ ၇ ရက်နေ့ကစလို့ ဒီကနေ့အထိ ပိတ်ပင်ထားဆဲဖြစ်ပါတယ်။
ရခိုင်မှာ မုန်တိုင်းတိုက်ခတ်မှုကြောင့် စစ်တွေ၊ ရသေ့တောင်၊ ပေါက်တော၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်းနဲ့ ကျောက်တော်မြို့နယ်တွေမှာ ရခိုင်နဲ့ ရိုဟင်ဂျာ စုစုပေါင်း ၁၆၄ ဦး သေဆုံးသွားခဲ့တယ်လို့လည်း AA ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
စစ်ကောင်စီကတော့ မုန်တိုင်းသင့်ဒေသ ပြန်လည်ထူထောင်ရေးအတွက် ဆက်တိုက် လုပ်ဆောင်ပေးနေကြောင်း နိုင်ငံပိုင်သတင်းမီဒီယာတွေကနေတစ်ဆင့် နေ့စဉ် ဖော်ပြနေတဲ့သတင်းတွေမှာ ဖော်ပြထားပါတယ်။