မိုခါမုန်တိုင်းသင့် လူရှစ်သိန်းကို အရေးပေါ်ကူညီဖို့ WFP ဆောင်ရွက်နေ
2023.06.02

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP အနေနဲ့ မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ မိုခါဆိုင်ကလုန်း မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဒေသတွေက လူဦးရေ ရှစ်သိန်းကို ကနဦး အရေးပေါ်စားနပ်ရိက္ခာ သုံးလစာနဲ့ ငွေသားအထောက်အပံ့တွေကို ပေးနိုင်ဖို့ ရည်မှန်းဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးက မနေ့က ထုတ်ပြန်ပါတယ်။
လက်ရှိမှာ WFP က ပေးအပ်တဲ့ အရေးပေါ်စားနပ်ရိက္ခာ အထောက်အပံ့တွေဟာ ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းက မုန်တိုင်းသင့် လူဦးရေ နှစ်သိန်းသုံးသောင်းကျော်ထံကို ရောက်ရှိနေပြီလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်လှမ်းမီသမျှ မုန်တိုင်းဒဏ်ခံရသူအားလုံးဆီကို အသက်ကယ်စားနပ်ရိက္ခာတွေ အမြန်ဆုံး ပေးအပ်နိုင်ဖို့ နေ့မအား ညမနား လုပ်ဆောင်နေသလို ရခိုင်ပြည်နယ် ကျောက်တော်၊ ကျောက်ဖြူ၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မြေပုံ၊ မြောက်ဦး၊ ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ အထောက်အပံ့တွေကို တိုးချဲ့ပေးအပ်ဖို့ စီစဉ်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UN OCHA) ကတော့ ကူညီ ထောက်ပံ့ရေးပစ္စည်းတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေသွားလာခွင့်အတွက် အတည်ပြုချက် စောင့်ဆိုင်းနေဆဲဖြစ်တယ်လို့ မေလ ၃၁ ရက်နေ့က ထုတ်ပြန်ပြောဆိုထားပါတယ်။ ဒါပေမဲ့ လက်ရှိမှာ ရှိရင်းစွဲရရှိထားတဲ့ ခွင့်ပြုချက်နဲ့ အသင့်ရှိပြီး အမိုးအကာ၊ ရေနဲ့သန့်ရှင်းရေး အကူအညီတွေ၊ အခြေခံကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့ အရေးပေါ်စားနပ် ရိက္ခာတွေကို လက်လှမ်းမီရောက်ရှိနိုင်တဲ့ နေရာတိုင်းမှာ ကူညီပံ့ပိုးနေတယ်လို့လည်း UN OCHA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။