မိုးမောက်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦး သေဆုံး
2024.04.25
ကချင်ပြည်နယ် မိုးမောက်မြို့နယ်မှာ စစ်ကောင်စီတပ်က ဧပြီလ ၂၄ ရက်နေ့ ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် လုံဂျာရွာက အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဂျက်တိုက်လေယာဉ်နဲ့ ဗုံးနှစ်လုံးကြဲချတာမှာ အရပ်သားသေဆုံးမှုရှိခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“လုံဂျာဘက်မှာ တစ်လုံးကြဲတယ်။ အဲမှာ အမျိုးသမီးကြီးတစ်ယောက် ဆုံးတယ်။ မိုးမောက်မြို့က မီးသတ်ရုံးနားမှာလည်းကျတယ်။ မိုးမောက်မြို့က မြို့ပျက်သလိုဖြစ်နေပြီ။ လူတွေက ဗန်းမော်ဘက်ကို ထွက်ပြေးကြတယ်။ မပြေးနိုင်တဲ့သူတွေက ဗုံးခိုကျင်းတွေမှာ နေ နေကြတယ်”
မိုးမောက်မြို့ပေါ်မှာ ဧပြီလ ၂၂ ရက်နေ့ကစလို့ တိုက်ပွဲတွေပြင်းထန်နေပြီး မြို့က လူဦးရေတစ်သောင်း ဝန်းကျင်ဟာလည်း ဗန်းမော်မြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သူက ဆိုပါတယ်။
မိုးမောက်မြို့က ရပ်ကွက်တွေထဲမှာ စစ်ကောင်စီရဲ့ ခမရ-၄၃၇ တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့က တစ်ဖက်တစ်ချက်စီနေရာယူထားပြီး တိုက်ပွဲတွေဆက်ဖြစ်နေတာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ကတော့ မိုးမောက်မြို့က အထပ်မြင့်အိမ်တွေနဲ့ ဘုရားကျောင်းတချို့မှာ နေရာယူပြီး လက်နက်ကြီးတွေပါ တပ်ဆင်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
ဧပြီလ ၂၂ ရက်နေ့ကလည်း မိုးမောက်မြို့မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲတာကြောင့် အရပ်သား သုံးဦး သေဆုံးပြီး နောက်ထပ်သုံးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
RFA က ပြုစုထားတဲ့စာရင်းတွေအရ ကချင်ပြည်နယ်မှာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလကစလို့ ဒီနေ့အထိ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၆၂ ဦး သေဆုံးခဲ့ပါတယ်။