မိုးကုတ်မြို့မှာ မြေပြိုမှုကြောင့် လူ ၁၁ ဦး သေဆုံး
မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ အောင်သစ်လွင်ရပ်ကွက်မှာ သြဂုတ်လ ၂၄ ရက်နေ့ ဒီနေ့မနက်က မိုးရွာသွန်းမှု များလို့ မြေပြိုတာကြောင့် ကိုးလသားအရွယ်ကလေးတစ်ဦး အပါအဝင် လူ ၁၁ ဦး သေဆုံးသွားတယ်လို့ မိုးကုတ်မြို့ခံတွေက RFA ကို ပြောပါတယ်။
သေဆုံးသူတွေရဲ့ ရုပ်အလောင်းကို မိုးကုတ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ရှာဖွေကယ်ဆယ်ရေး လုပ်ခဲ့တဲ့ မိုးကုန်မြို့က အမည်မဖော်လိုတဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
"မနက် ၅ နာရီလောက်က ဖြစ်သွားတာ၊ တစ်အိမ်က ရှစ်ယောက်၊ တစ်အိမ်က သုံးယောက် သေသွားတယ်။ အလောင်းတွေကိုတော့ မိုးကုတ် ကြပ်ပြင်က ဆေးရုံကို ပို့လိုက်ပါပြီ"
ဒီနေ့မနက်က သေဆုံးသူ သုံးဦးရဲ့အလောင်းကို ကနဦးတွေ့ရှိခဲ့ပြီးနောက် ပျောက်ဆုံးနေတဲ့ နောက်ထပ် ရှစ်ဦး ရဲ့ ရုပ်အလောင်းကိုပါ ဆက်လက်တွေ့ရှိခဲ့ရတာပါ။
မြေပြိုကျတာကြောင့် လူနေအိမ်လေးလုံးလည်း ပြိုကျပျက်စီးသွားတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။
အဲဒီအိမ်လေးလုံးထဲက နှစ်လုံးမှာ လူနေထိုင်တာမရှိဘဲ လူနေထိုင်တဲ့ ကျန်နေအိမ်နှစ်လုံးက မိသားစုအားလုံး သေဆုံးခဲ့ရတာလို့လည်း ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၁၂ ရက်နေ့ကလည်း မိုးကုတ်မြို့အနောက်ပိုင်း ကျောက်ဖြူရပ်ကွက်မှာ မြေပြိုခဲ့တာ ကြောင့် လူနေအိမ်တစ်လုံး ပျက်စီးခဲ့သလို ကလေးတစ်ဦး အပါအဝင် အမျိုးသမီး နှစ်ဦး စုစုပေါင်း သုံးဦး သေဆုံးခဲ့ပါတယ်။