မိုးမောက်မှာ လက်နက်ကြီးကြောင့် ကလေးအပါအဝင် သုံးဦးသေဆုံး၊ သုံးဦး ဒဏ်ရာရ
2024.04.23

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက်မြို့မှာ ဧပြီလ ၂၂ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံသုံးဦး သေဆုံးပြီး သုံးဦးဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့က မနက် ၈ နာရီလောက် စစ်ကောင်စီတပ်စစ်ကြောင်း ခါနန်ရပ်ကွက်ဘက် စစ်ကြောင်းထိုးလာတာကြောင့် နေ့လယ် ၂ နာရီခန့်အထိ တိုက်ပွဲဖြစ်ခဲ့ပြီး လက်နက်ကြီးနဲ့ရောလေကြောင်းနဲ့ပါ ပစ်ခတ်ခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“သုံးယောက်သေပြီး သုံးယောက် ဒဏ်ရာရတယ်။ လူတွေထိတာကတော့ လက်နက်ကြီးနဲ့ထိတာပေါ့။ လေယာဉ်နဲ့ လာပစ်တာက အိမ်ပဲထိတာ။ အိမ်လည်း ငါးအိမ်လောက်ထိတယ်။ ဒဏ်ရာရတဲ့သူတွေက ဗန်းမော်ဆေးရုံမှာ”
သေဆုံးသူတွေဟာ အလင်းကောင်ရပ်ကွက်နဲ့ ကြေးနန်းရပ်ကွက်က အသက် (၁၄) နှစ်အရွယ် မကြည်ကြည်ဝင်း၊ အသက် (၃၅) နှစ်အရွယ် ကိုဆန်းဝါနဲ့ အသက် (၂၂) နှစ်အရွယ် သက်လွင်ဦးတို့ဖြစ်တယ်လို့ ဆိုပါတယ်။
အမည်မဖော်လိုတဲ့ မိုးမောက်ဒေသခံတစ်ဦးကလည်း မနေ့ကတိုက်ပွဲပြင်းထန်ခဲ့သလို ဒီနေ့မနက်လည်း အဲဒီနေရာကို ခမရ (၄၃၇) စစ်ကြောင်းက စစ်ကြောင်းပြန်ထိုးနေတယ်လို့ ပြောပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။
RFA က ပြုစုထားတဲ့စာရင်းတွေအရ ကချင်ပြည်နယ်မှာ ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ အယောက်ခြောက်ဆယ် သေဆုံးခဲ့ပါတယ်။
မိုးမောက်မြို့အနီးမှာ ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ကပြီး တိုက်ပွဲတွေ စတင်ဖြစ်ခဲ့ပြီးနောက် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေက မိုးမောက်မြို့အထက်ပိုင်း မြို့အနီးနေရာတွေအထိ နေရယူထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။