မွန်ပြည်နယ်မှာ ၁၄ ရွာ စုပေါင်းဆန္ဒပြ
2013.05.18
မွန်ပြည်နယ် ပေါင်မြို့မှာ မီတာတပ်ဆင်ခငွေကျပ် ဆယ်သိန်းတောင်းခံတာကြောင့် မကျေနပ်ကြတဲ့ ကျေးရွာ ၁၄ ရွာက ဒေသခံပြည်သူတွေဟာ ဒီကနေ့ ရပ်ကွက် ၃ ခုမှာ လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။
မီတာပုံးတပ်ဆင်ခဟာ ပြေစာပေါ်မှာ ကျပ်တစ်သိန်းပဲ ဖေါ်ပြထားပေမယ့် တကယ်တမ်းမှာတော့ ကျပ် ၁၀ သိန်း တောင်းခံတာကြောင့် ပေါင်မြို့ဒေသခံ ၁၅၀ လောက် ဆန္ဒပြခဲ့ကြတာဖြစ်ပြီး၊ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးရဲ့ မေလ ၁၄ရက်နေ့ကချပေးတဲ့ ခွင့်ပြုမိန့်နဲ့ လှည့်လည်ဆန္ဒပြခဲ့ကြတာလို့ ဒေသခံကိုကြည်အေးက RFA ကို ပြောပါတယ်။
"အဓိကက အုပ်ချုပ်ရေးမှူးနှစ်ယောက် လုပ်စားနေတဲ့ကိစ္စရှိတယ်၊ နောက် မွန်ပြည်သစ်ပါတီက ရာဘာခြံတွေသိမ်းပြီး ပြန်ရောင်းစားနေတဲ့ကိစ္စ၊ နောက် မီးလင်းရေးကော်မတီကနေပြီးတော့ ယူနစ်ဖိုး ပိုကောက်တာရယ်၊ မီတာတပ်ဆင်ခကို ၁ဝ သိန်းအထိ တောင်းခံတာကိုမကျေနပ်လို့၊ ပိုစတာကတော့ မီးချိတ်ပေးဖို့ ၁ဝ သိန်းတောင်းတာ ဘာလုပ်ဖို့လဲက ပိုစတာတစ်ခု၊ ခွင့်တူညီမျှဝါဒဖြူစင်တဲ့ တိုင်းပြည်ကြီးမှာ လူကလူ့ကို အနိုင်မကျင့်ကြပါနဲ့ အဲဒါပိုစတာတစ်ခု၊ ထန်းပင်ချောင်းကြီးကျေးရွာ မီးလင်းရေးကော်မတီ ငွေအလွဲသုံးစားကိစ္စများကို အစိုးရဌာနများက စစ်ဆေးဖော်ထုတ်ပေး၊ မီတာရဖို့ ၁ဝ သိန်းကျပ်၊ တပ်ဆင်ခက ၃ သောင်းကျပ်၊ ပွဲစားခက ၈ ထောင်ကျပ်၊ အမြတ်တင်ပစ္စည်းသူ့မှာဝယ် ဒါမှမီးရမယ် အဲဒါပိုစတာတစ်ခု၊ ၁ သိန်းနဲ့ မီတာဝယ် စာအုပ်ထဲမှာဖတ်ရပေမယ့် ထန်းပင်ချောင်းကျေးရွာမှာ ၁ဝ သိန်းဆိုတာ သမ္မတကြီးလည်းသိနိုင်ပါစေ အဲဒါပိုစတာတစ်ခု၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဖွဲ့စည်းထားပေးတဲ့ စစ်ဆေးရေးအဖွဲ့များရဲ့ တင်ပြချက်များ မှန်လည်းမှန် ပွင့်လင်းမှုတွေရှိပါစေ အဲဒါပိုစတာတစ်ခု၊ ကျားဘို အလကကျောင်းမြေနေရာ ပြန်ပေးပါ၊ အဲဒါလည်း ပိုစတာတစ်ခုပေါ့၊ ပိုစတာက အားလုံး ၁၃ ခု၊ ၁၃ မျိုးပေါ့"
ဒီနေ့ဆန္ဒပြပွဲရဲ့ တောင်းဆိုချက်တွေထဲမှာ ပေါင်မြို့နယ် ထန်းပင်ချောင်ကြီးကျေးရွာမှာ မီတာတပ်ဆင်ခ ၁၀ သိန်း တောင်းခံနေတဲ့ကိစ္စ၊ သဲကုန်းကျေးရွာမှာ မီတာတစ်ယူနစ်ကို အစိုးရက ၃၅ ကျပ် သတ်မှတ်ထားပေမယ့် ကျေးရွာမီးလင်းရေးကော်မတီက ၁၀၀ ကျပ် ကောက်ခံနေတဲ့ကိစ္စအပြင် ကျုံကကျေးရွာမှာ မွန်ပြည်သစ်ပါတီက ရာဘာစိုက်ပျိုးဖို့ ဧက ၃၀၀၀ ကို အစိုးရခွင့်ပြုချက်နဲ့ သိမ်းယူတာကို မကျေနပ်တဲ့အတွက် သက်ဆိုင်ရာအာဏာပိုင်တွေက အမြန်ဆုံးအရေးယူပေးဖို့ တောင်းဆိုခဲ့ကြတာလည်း ဖြစ်ပါတယ်။
ဒီကိစ္စတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေထံ အကြိမ်ကြိမ်တင်ပြခဲ့ပေမယ့် စုံစမ်းစစ်ဆေးတာမျိုး မရှိခဲ့ဘူးလို့ ဆန္ဒပြသူတွေက ပြောပါတယ်။
ဒီဆန္ဒပြပွဲကို ပေါင်မြို့နယ် ထန်းပင်ချောင်ကြီး၊ ကျားဘို၊ သဲကုန်း၊ စင်ရွာ၊ ကျုံက စတဲ့ကျေးရွာပေါင်း ၁၄ ရွာက ဒေသခံတွေ ပါဝင်ခဲ့ကြပါတယ်။
ဒီဆန္ဒပြပွဲမှာပါဝင်တဲ့ ဒေသခံ ကိုကြည်အေးကို RFA သတင်းထောက် မဇင်မာဝင်းက ဆက်သွယ်မေးမြန်းထားပါတယ်။