ဝင်းနိမ္မိတာရုံကျောင်းဆရာတော်သေဆုံးမှု စစ်ကောင်စီတာဝန်ယူရမယ်လို့ NUG ပြော
2024.06.27

စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့လို့ ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ ပျံလွန်တော်မူခဲ့တာနဲ့ပတ်သက်ပြီး စစ်ကောင်စီက အပြည့်အဝတာဝန်ယူရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဇွန်လ ၂၇ ရက်နေ့က ထုတ်ပြန်တဲ့ ဝမ်းနည်းကြောင်း သဝဏ်လွှာမှာ ဖော်ပြလိုက်ပါတယ်။
ဆရာတော်ဟာ ပရိယတ္တိသာသနာအတွက် စွမ်းစွမ်းတမံ အားထုတ်နေတဲ့ သာသနာ့အာဇာနည် ရဟန်းတစ်ပါးဖြစ်တဲ့အတွက် ယူကျုံးမရဖြစ်ကြောင်းလည်း ရေးသားထားပါတယ်။
အခုလို သံဃာတော်တွေကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ဝံ့တဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ ဗုဒ္ဓဘာသာတစ်ရပ်လုံးကို စော်ကားလိုက်တာဖြစ်တဲ့အတွက် ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းနဲ့ လိမ်ညာပြီး သတင်း ထုတ်ပြန်ခဲ့တာကိုလည်း စစ်ကောင်စီရဲ့ အဆင့်ဆင့်တာဝန်ရှိတဲ့သူအားလုံး အပြည့်အဝ တာဝန်ယူ တာဝန်ခံရမယ်လို့လည်း သဝဏ်လွှာမှာ ပါရှိပါတယ်။
မြန်မာနိုင်ငံမှာ စစ်ကောင်စီ သက်ဆိုးရှည်နေသရွေ့ အခုလို ဖြစ်ရပ်ဆိုးတွေ ဆက်ပြီးကြုံနေရဦးမှာမို့ စစ်အာဏာရှင်စနစ် အပြီးတိုင်ပပျောက်ဖို့အတွက် ဘာသာပေါင်းစုံ ပြည်သူတစ်ရပ်လုံးနဲ့ လက်တွဲပြီး ကြိုးပမ်းသွားမယ်လို့ သန္နိဌာန်ပြုကြောင်းလည်း NUG က ဆိုပါတယ်။
ဆရာတော်ပစ်ခတ်ခံရမှုဟာ သူတို့လက်ချက်ဖြစ်ကြောင်း စစ်ကောင်စီက ဝန်ခံတဲ့အပြင် စုံစမ်းစစ်ဆေးပြီး ပါဝင်ပတ်သက်သူတွေကို အရေးယူမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်ရဲ့ ရုပ်ကလာပ်ကို ကိုးရက်ကြာထားပြီးနောက် အန္တိမအဂ္ဂိဈာပန အခမ်းအနားကို ဇွန်လ ၂၇ ရက် မွန်းတည့် ၁၂ နာရီမှာ ပဲခူးမြို့မှာ ကျင်းပခဲ့ပါတယ်။