ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ဦးဝီရသူ ဘေးကင်းဖို့ ဆုတောင်း
2019.05.30

မန္တလေးတိုင်း မစိုးရိမ်တိုက်သစ်ကျောင်းက ဆရာတော် ဦးဝီရသူကို ဖမ်းဝရမ်းထုတ်အပြီး သြဝါဒခံယူဖို့ ဆင့်ခေါ် ထားတဲ့ ရန်ကုန်တိုင်း သံဃာ့မဟာနာယကရုံးအနီးမှာ ဦးဝီရသူကို ဝန်းရံတဲ့ အမျိုးသားရေး တက်ကြွလှုပ်ရှားသူတွေ က ရန်ကုန်မြို့ ရွှေတိဂုံစေတီ အရှေ့ဘက်မုခ်မှာစုရုံးခဲ့ပြီး စေတီတော်အောင်မြေမှာ ဦးဝီရသူ ဘေးကင်းဖို့ မေတ္တာပို့ ဆုတောင်းခဲ့ကြပါတယ်။
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) နဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ဦးဝီရသူအတွက် အမျိုးသား လှုပ်ရှားသူ ၁၀၀ ကျော်လောက်က ရွှေတိဂုံ အရှေ့ဘက်မုခ် ကြေးသွန်းဘုရားရှေ့ကနေ ရွှေတိဂုံစေတီအောင်မြေမှာ ဦးဝီရသူ အချုပ်အနှောင်ကင်းဖို့ ဆုတောင်းမေတ္တာ ပို့သခဲ့ကြပါတယ်။
ဦးဝီရသူကို နိုင်ငံတော်အကြည်အညိုပျက်စေမှုနဲ့ ဖမ်းဝရမ်းထုတ်ထားပြီး ရဲတပ်ဖွဲ့က မန္တလေး မစိုးရိမ်တိုက်သစ်ကို မနေ့က သွားရောက် ရှာဖွေခဲ့ပေမယ့် မတွေ့ခဲ့ပါဘူး။
ဦးဝီရသူဟာ ရန်ကုန်မြို့မှာ ရောက်ရှိနေတယ်လို့ အမျိုးဘာသာ သာသနာထိန်းသိမ်းစောင့်ရှောက်ရေးအဖဲ့ွက ဆရာတော်တွေက RFA ကို အတည်ပြုပြောပါတယ်။ ဒါပေမဲ့ ဒီနေ့မှာတော့ တိုင်းသံဃာ့မဟာနာယကရုံးကို ရောက်မလာခဲ့ပါဘူး။
ဦးဝီရသူ ရောက်မလာတဲ့အတွက် ရွှေတိဂုံစေတီတော်ကိုတက်ပြီး ဆုတောင်းမေတ္တာပို့သတာဖြစ်ကြောင်း အမျိုးသားရေး တက်ကြွလှုပ်ရှားနေတဲ့ ဆရာတော် ဦးအဂ္ဂ က မိန့်ပါတယ်။
ရွှေတိဂုံစေတီရင်ပြင်မှာ လူစုလူဝေးနဲ့ ဆုတောင်းတာတွေ၊ ဆန္ဒပြတာတွေ မပြုလုပ်ဖို့ တားမြစ်ထားပေမယ့် အမျိုးသားရေး တက်ကြွလှုပ်ရှားသူ ၁၀၀ ကျော်ကိုတော့ ရွှေတိဂုံဂေါပကအဖွဲ့နဲ့ ဘုရားလုံခြုံရေး ရဲတွေက တားမြစ်တာတွေ မရှိခဲ့ပါဘူး။
ဒီနေ့ဆုတောင်းပွဲမှာ ပါဝင်ခဲ့ကြတဲ့ အမျိုးသားရေးတက်ကြွလှုပ်ရှားသူ လူပုဂ္ဂိုလ်တွေနဲ့ ရဟန်းသံဃာတော်တွေဟာ ဦးဝီရသူဘယ်မှာ ရှိတယ်ဆိုတာကို မသိကြောင်း ငြင်းဆိုခဲ့ပါတယ်။ အမျိုးသားရေးတက်ကြွလှုပ်ရှားသူ ဦးဝင်းကိုကိုလတ် က ဦးဝီရသူဟာ ရဲတပ်ဖွဲ့က ဖမ်းရခက်ခဲတဲ့ ပုဂ္ဂိုလ်မဟုတ်ဘူးလို့ သတင်းမီဒီယာတွေကို ဖြေကြားခဲ့ပါတယ်။
ဆရာတော် ဦးဝီရသူအတွက် ဆုတောင်းမေတ္တာပို့သတာတွေ၊ ဆန္ဒပြတာတွေနဲ့ အခြားလှုပ်ရှားမှုတွေကို ဆက်လက်ပြုလုပ်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။
ဦးဝီရသူကို အနောက်ပိုင်းခရိုင် ဒုတိယ အုပ်ချုပ်ရေးမှူး ဦးစန်းမင်းက ခရိုင်တရားရုံးမှာ နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) နဲ့ အရေးယူပေးဖို့ တရားရုံးမှာ ဦးတိုက်လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့တာပါ။