မုံရွာနဲ့ ခင်ဦးမြို့တွင်းအထိ ဝင်ရောက်တိုက်ခိုက်မှုမှာ စစ်တပ်ဘက်က အထိနာကြောင်း PDF ပြော

RFA Burmese
2024.06.03
မုံရွာနဲ့ ခင်ဦးမြို့တွင်းအထိ ဝင်ရောက်တိုက်ခိုက်မှုမှာ စစ်တပ်ဘက်က အထိနာကြောင်း PDF ပြော မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၄) တပ်ဖွဲ့ဝင်တချို့အား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်နေ့က တွေ့ရစဉ်။
မုံရွာခရိုင် အမှတ်၄တပ်ရင်း _ Chindwin Attack Force

[Update: 2: 05 PM, June 04, 2024]

စစ်ကိုင်းတိုင်းရဲ့ မြို့တော် မုံရွာမြို့နဲ့ ခင်ဦးမြို့ပေါ်တွေအထိ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဇွန်လ ၃ ရက်နေ့ မနေ့က ဝင်ရောက်တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား ကိုးဦးအထိ သေဆုံးခဲ့တယ်လို့ ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံတွေက ပြောပါတယ်။

မုံရွာမြို့ စက်မှုဇုန်မှာ လုံခြုံရေးကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်ရဲ့ ကားကို ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ၀ိုင်းဝန်းပစ်ခတ်တိုက်ခိုက်တာကြောင့် ကားပေါ်မှာပါလာတဲ့ စစ်ကောင်စီတပ်သား ခုနစ်ဦး သေဆုံးပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ မုံရွာခရိုင် အမှတ် - ၄ တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ရှိသူက RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ ပစ်ပြီးတဲ့အချိန် ကားပေါ်ကနေ ပြုတ်ကျပြီး သေတဲ့သူတွေလည်းရှိတယ်။ ဒါက မျက်မြင်သေဆုံးမှုပါ။ ကျွန်တော်တို့ ရဲဘော်တစ်ဦးကတော့ မျက်လုံးကနေ နားအနောက်ဘက် ပေါက်ထွက်သွားတယ်။ အခုတော့ ဆေးကုသမှုခံယူနေပါတယ်”

တိုက်ခိုက်မှုဖြစ်ပြီးနောက်မှာတော့ အဲဒီအနီးဝန်းကျင်က ဈေးဆိုင်တစ်ခုကို စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီးသွားတယ်လို့လည်း သူက ပြောပါတယ်။

ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သားတွေ ကျန်ခဲ့တဲ့ သေနတ်နှစ်လက်နဲ့ ကျည်ဆန်တချို့ကို သိမ်းဆည်းရမိကြောင်း မုံရွာခရိုင်အမှတ် - ၄ တပ်ရင်းက ဇွန်လ ၄ ရက် ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်း ခင်ဦးမြို့မှာတော့ ပြည်သူ့ဆေးရုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ဗိုလ်ကြီးတစ်ဦးနဲ့ တပ်သားတစ်ဦး ဆေးရုံအပြင်ထွက်လာချိန် ကာကွယ်ရေးတပ်ဖွဲ့ဘက်က ပစ်ခတ်ခဲ့လို သေဆုံးခဲ့တယ်လို့ ခင်ဦးအခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

သေဆုံးသူတွေဟာ ဗိုလ်ကြီး ချမ်းငြိမ်းကိုနဲ့ တပ်သား လှိုင်မြင့်တို့ဖြစ်ပြီး မင်္ဂလာဒုံအခြေစိုက် ထောက်ပံ့ရေးနဲ့ ပို့ဆောင်ရေး တပ်ရင်း တပရ - ၃၂၃ က ဖြစ်တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုမှာလည်း သေနတ်တစ်လက်နဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ခင်ဦးမြို့က ပစ်ခတ်မှုအပြီးမှာတော့ စစ်ကောင်စီတပ်က ပြည်သူ့ဆေးရုံအနီးမှာတွေ့တဲ့ အမျိုးသားတစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး အောင်သီရိရပ်ကွက်က ဒေသခံနှစ်ဦးကိုလည်း ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေရးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က ဆက်သွယ်မေးမြန်းတဲ့အခါ အစည်းအဝေးတစ်ခုတက်နေတာကြောင့် လတ်တလော မဖြေကြားနိုင်သေးကြောင်း ပြောဆိုပါတယ်။

စစ်ကိုင်းတိုင်းက ကာကွယ်ရေးတပ်ဖွဲ့တွေ အားကောင်းတဲ့မြို့တွေမှာ မြို့ပေါ်ကစစ်ကောင်စီတပ် တပ်စွဲထားတဲ့နေရာတွေကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်တာ၊ ရုတ်တရက် ဝင်ရောက်ပစ်ခတ်တာတွေ မကြာခဏရှိနေပြီး စစ်ကောင်စီတပ်ကလည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ရှိနိုင်တယ်လို့ ယူဆတဲ့နေရာတွေကို စစ်ကြောင်းထိုး စီးနင်းမှုတွေရှိနေတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

(မှတ်ချက်- ဒေသခံတချို့ ဖမ်းဆီး၊ သတ်ဖြတ်ခံရမှုတွေရှိခဲ့ကြောင်း ခင်ဦးဒေသခံများ၏ ပြောဆိုချက်ကို ဖြည့်စွက်ရေးသားထားပါသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။