မြန်မာပွန်ပီပက်ကုမ္ပဏီ လုပ်ပိုင်ခွင့်သက်တမ်းတိုးမပေးဖို့ ဒေသခံတွေ တောင်းဆို
2019.05.30

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်က ဟိန္ဒားသတ္တုတွင်းမှာ မြန်မာပွန်ပီပက်ကုမ္ပဏီကို လုပ်ပိုင်ခွင့် သက်တမ်းထပ်တိုးမပေးဖု့ိ ဒေသခံရွာသားတွေက တောင်းဆိုလိုက်ပါတယ်။
ဒီဟိန္ဒားသတ္တုတွင်းတဝိုက်မှာနေထိုင်တဲ့ ကျေးရွာ သုံးရွာက ဒေသခံ ၁၀၀ နီးပါးဟာ မြန်မာပွန်ပီပက်ကုမ္ပဏီကို သက်တမ်းတိုးမပေးဖို့ လက်မှတ်တောင်းဆိုပြီး ပြည်ထောင်စုအစိုးရ သယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသမ်းရေးဝန်ကြီး ဦးအုန်းဝင်း ထံ မေ ၂၀ ရက်နေ့က စာပေးပို့ တောင်းဆိုထားတာဖြစ်ပါတယ်။
မြန်မာပွန်ပီပက်ကုမ္ပဏီ MPC ဟာ သတ္တုထုတ်လုပ်ခဲ့တဲ့ ကာလတလျှောက်မှာ စည်းကမ်းမဲ့ လုပ်ကိုင်တာတွေရှိခဲ့ တာကြောင့် ချောင်းတွေတိမ်ကောတာ၊ ဒေသခံတွေရဲ့ အိမ်ခြံမြေ ပျက်စီးတာ၊ သောက်သုံး ရေကန်တွေ၊ လယ်ယာ၊ ဥယျာဉ်ခြံတွေ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေရဲ့ တောင်းဆိုချက်မှာ ပါရှိပါတယ်။
မြန်မာပွန်ပီပက်ကုမ္ပဏီဟာ လာမယ့် ဇွန်လ ၃၀ ရက်နေ့မှာ သတ္တုတူးဖော်ခွင့် သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။