ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် ရခိုင်ပြည်နယ်ခရီးစဉ် ပြီးဆုံး
2015.01.10

ရခိုင်ပြည်နယ် စစ်တွေမြို့ကိုရောက်ရှိနေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စရန်ဟီးလီ Ms. Yanghee Lee ဟာ ဒီကနေ့ ပြည်နယ် ECC ရုံးမှာ အစိုးရတာဝန်ရှိ သူတွေ၊ ရပ်မိရပ်ဖတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
အဲ့ဒီလိုတွေ့ဆုံရာမှာ ရခိုင်အရေးနဲ့ ပတ်သက်တဲ့ အစီရင်ခံစာတွေကို ဘက်လိုက်မှုကင်းပြီး မျှမျှတတဖြစ်အောင် ဆောင်ရွက်ပေးဖို့ စစ်တွေမြို့ ရပ်မိရပ်ဖ ဦးသန်းထွန်းက Ms. Yanghee Lee ကို အခုလို တိုက်တွန်း ပြောဆိုခဲ့ပါတယ်။
"ကျနော်တို့ မြေပြင်အနေအထားကို သေသေချာချာ မစူးစမ်းပဲနဲ့ လုပ်ကြံသတင်းတွေကို နားထောင် ပြီးတော့ ကြိုတင်ဆုံးဖြတ်ချက်နဲ့ လာတာကိုတော့ စိတ်မကောင်းပါဘူး၊ မစ္စ ရန်ဟီးလီ နောက်တစ်ခေါက် လာရင် မျှတအောင်ဆောင်ရွက်ပေးပါ၊ တစ်ဖက်သတ် မဆောင်ရွက်ပဲနဲ့ ဘက်မလိုက်ပဲ ဆောင်ရွက်ပေးပါ"
ကုလသမဂ္ဂရဲ့ အကြီးအကဲတွေအနေနဲ့ ရခိုင်ပြည်နယ်အရေးကိစ္စနဲ့ ပတ်သက်ပြီး လက်တွေ့မြေပြင်အနေအထားကို ထဲထဲဝင်ဝင်မလေ့လာဘဲ မွတ်စလင်တွေဘက်က တစ်ဖက်သတ်ပြောဆိုနေတာဟာ ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေအကြား ဆက်ဆံရေးကို ပိုမိုဝေးကွာစေတယ်လို့လည်း ရပ်မိရပ်ဖတွေဘက်က တင်ပြပြောဆို ခဲ့ကြပါတယ်။
မစ္စရန်ဟီးလီက ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၉ ရက်နေ့က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ လူ့အခွင့်အရေးကော် မတီက တင်သွင်းခဲ့တဲ့ အစီရင်ခံစာပါ ရိုဟင်ဂျာတွေကို နိုင်ငံသားဖြစ်ခွင့်ပေးဖို့ ဆုံးဖြတ်ချက်တွေဟာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး အဲဒီအထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်နေတယ်လို့ဆိုပါတယ်။
ဒါပေမယ့် အဲဒီဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်ခြင်း၊ မဖော်ခြင်းဆိုတာ သက်ဆိုင်ရာနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့သာ သက်ဆိုင်တယ်လို့လည်း မစ္စရန်ဟီးလီက ပြောဆိုပါတယ်။
Ms. Yanghee Lee က နေ့လည်ပိုင်းမှာ စစ်တွေဟိုတယ်မှာ စစ်တွေမြို့က ရပ်မိရပ်ဖတွေအပြင် အရပ်ဘက်လူမှုအဖွဲ့အစည်း ခေါင်းဆောင်အချို့နဲ့လည်း သီးသန့်တွေ့ဆုံခဲ့ပါတယ်။
မစ္စရန်ဟီးလီဟာ ဒီကနေ့မနက်ပိုင်းက စစ်တွေမြို့ စက်ရုံးစု(၁) မရမာကြီးဒုက္ခသည်စခန်းကို သွားရောက်ပြီး ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့သလို သက္ကယ်ပြင်မွတ်စလင်ဒုက္ခသည်စခန်းမှာလည်း ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
ဒါ့အပြင် သက္ကယ်ပြင် မွတ်စလင်ဒုက္ခသည်စခန်းမှာ မွတ်စလင်တွေက သူတို့အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲအတွင်း မဲထည့်ခွင့်ရစေလိုကြောင်းနဲ့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရတဲ့ သူတို့ရဲ့ အခြေခံလူ့အခွင့်အရေးတွေ ဆုံးရှုံးနေရကြောင်း ဆိုင်းဘုတ်တွေကိုင်ဆောင်ပြီး မစ္စရန်ဟီးလီကို ဆန္ဒပြခဲ့ကြပါတယ်။
Ms. Yanghee Lee ရဲ့ ရခိုင်ပြည်နယ် ခရီးစဉ်ဟာ ဒီကနေ့အဆုံးသတ်ဖြစ်ပြီး သူ့ရဲ့အပြန်ခရီး ဒီနေ့ ညနေပိုင်းမှာ စစ်တွေလေဆိပ်မှာ စစ်တွေမြို့ခံ ၃၀၀ လောက်က ကုလသမဂ္ဂရဲ့ ရိုဟင်ဂျာ အသုံးအနှုန်းကို လက်မခံကြောင်း ဆန္ဒပြခဲ့ကြပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ မြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးသန်းထွန်းကို RFA သတင်းထောက် မဝေယံမိုးမြင့် ဆက်သွယ်မေးထားတာ နားဆင်နိုင်ပါတယ်။
တဆက်တည်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဝင်းမြိုင်ကို ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။