နယ်စည်းမထား ဆရာဝန်များ ရခိုင်ပြည်နယ်မှ အပ ဆောင်ရွက်ခွင့်ရ


2014.03.01
msf-protest-305.jpg ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က နယ်စည်းမထား ဆရာဝန်များအဖွဲ့ MSF ကို ရခိုင်တိုင်းရင်းသား များ ဆန္ဒပြနေစဉ်
photo: RFA/ Min Thein Aung

MSF ခေါ် နယ်စည်းမထား ဆရာဝန်များအသင်းကို အစိုးရက မြန်မာနိုင်ငံမှာ ဆက်လက်လုပ်ကိုင်ခွင့် မပြုတော့ကြောင်း အဖွဲ့ကကြေညာချက်ထုတ် ပြီး နောက်တနေ့မှာ MSF အဖွဲ့ကို ရခိုင်ပြည်နယ်က လွဲလို့ တခြားဒေသတွေမှာ ဆက်ပြီးလုပ်ကိုင်ခွင့်ပြု ဖို့ မြန်မာအစိုးရနဲ့ MSF အဖွဲ့နဲ့ ဆက်လက်ဆွေးနွေးနေတယ်လို့ သိရပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ တခြားတိုင်းနဲ့ ပြည်နယ်တွေမှာ ဆောင်ရွက်နေတဲ့ MSF Holland (AZG) ရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေ ကို ပြည်သူလူထုရဲ့လက်ခံမှု၊ တိုင်းရင်းသား အဖွဲ့အစည်းတွေရဲ့ အားပေးထောက်ခံမှု တို့ကြောင့် ပြည်သူလူထုအကျိုးအတွက် ဆက်လက်ဆောင်ရွက်ခွင့်ပြုသွား မှာဖြစ်တယ်လို့ဖေါ်ပြထားပါတယ်။

ဒါ့အပြင် နှစ်ဦးနှစ်ဖက် နားလည်မှုစာချွန်လွှာ MoU ကိုလည်း နှစ်အပိုင်းအခြားလိုက် ဆက်လက်ညှိနှိုင်းရေးထိုးမှာဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း အေးချမ်းတည်ငြိမ်မှု ရရှိလာတဲ့အခါ MSF Holland (AZG) အဖွဲ့ရဲ့ တခြားတိုင်းနဲ့ပြည်နယ် ဒေသတွေက စွမ်းဆောင်ချက်တွေ ကို ပြန်လည်သုံးသပ်ပြီး အချိန်ကာလအပိုင်း အခြားတစ်ခုအတွင်း ရခိုင်ပြည်နယ်မှာလည်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ ပြန်လည်ဆောင်ရွက်နိုင်အောင် စဉ်းစားဆောင်ရွက်ပေးမှာ ဖြစ်တယ် လို့ဖေါ်ပြထားပါတယ်။

ဒီကြေညာချက်ကို နယ်စည်းမထား ဆရာဝန်များအဖွဲ့က ကြိုဆိုလိုက်ပါတယ်။ ဒါပေမယ့် ယာယီစခန်းတွေမှာရှိနေတဲ့ ထောင်နဲ့သောင်းနဲ့ချီတဲ့ ပြည်သူတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက် စိုးရိမ်ရတယ်လို့ဆိုပါတယ်။

MSF အဖွဲ့ကဖွင့်ထားတဲ့ ဆေးခန်းအားလုံးကိုတော့ သောကြာနေ့က ပိတ်လိုက်ပြီဖြစ်ပါတယ်။

MSF အဖွဲ့က မြန်မာနိုင်ငံမှာ ဆောင်ရွက်ခဲ့တာနဲ့ပတ်သက်လို့ HIV/AIDS ဝေဒနာသည်တွေ ကူညီစောင့်ရှောက်နေတဲ့ NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။