မူဆယ်မှာ ချိန်ကိုက်ဗုံးဖမ်းမိ
2016.04.02
ရှမ်းပြည်နယ် မူဆယ်မြို့ ပန်လုံဈေးနားမှာ ချိန်ကိုက်မိုင်း ၂ လုံးနဲ့ အတူ လက်ဝယ် တွေ့ရှိတဲ့ လူပုဂ္ဂိုလ် ၂ ဦးကို မူဆယ်မြို့ရဲစခန်းက အမှုဖွင့်အရေးယူထားပါတယ်။
မသင်္ကာလို့ ဖမ်းဆီးစစ်ဆေးတဲ့အခါမှာ ဖောက်ခွဲဖို့ အသင့်ပြင်ထားတဲ့ ချိန်ကိုက်မိုင်း ၂ လုံးနဲ့ လက်နက်ခဲယမ်းပစ္စည်းတွေကို တွေ့ရှိတာဖြစ်တယ်လို့ မူဆယ်မြို့မ ရဲစခန်းက အရာခံဗိုလ် ဘိုဘိုဟန်က ပြောပါတယ်။
"မသင်္ကာဖွယ်လူ တစ်ယောက်က ထွက်ပြေးတာနဲ့ ကျနော်တို့ လိုက်ဖမ်းတဲ့အခါမှာ အဖမ်းမခံဘဲနဲ့ ငြင်းဆန်နေတဲ့အတွက် သူ့ကိုချုပ်နှောင်ပြီးတော့ဖမ်းတဲ့အခါ မိုင်း ၂ လုံးတွေ့ပါတယ်ခင်ဗျ၊ မိုင်းကလည်း ချက်ချင်းတပ်ဆင် ချိန်ကိုက်ပြီးတဲ့ မိုင်းအနေအထားပါခင်ဗျ၊ အဲ့ဒီမိုင်းကလည်း အဲ့ဒီနေ့မှာပဲ ကျနော်တို့ မူဆယ်မြို့ကို သုံးဖို့ပါပဲ"
ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်နေ့က ဖမ်းမိတာဖြစ်ပြီး စစ်ဆေးမေးမြန်းချက်အရ သူတို့ဟာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA အဖွဲ့ကလို့ ထွက်ဆိုကြောင်းနဲ့ ရဲစန်းက SSPP/SSA အဖွဲ့တာဝန်ရှိသူတွေထံ ဆက်သွယ်မေးမြန်းနေတယ်လို့လည်း ရှမ်းပြည်နယ် ဒုတိယပြည်နယ်ရဲမှူးကြီး အောင်မြတ်မိုး က အတည်ပြုပြောပါတယ်။
ဖမ်းဆည်းရမိထားတဲ့ လက်နက်ခဲယမ်းတွေက ချိန်ကိုက်မိုင်း ၂ လုံး ၊ ပစ္စတိုတစ်လက်၊ ကျည်ဆံ ၁၂ တောင့်၊ အဝေးထိန်းစက်တစ်ခုတို့ ဖြစ်ပါတယ်။