ဖမ်းဆီးခံထားရတဲ့ မူဆယ်အခြေစိုက် ပရဟိတအသင်း ဒု-ဥက္ကဋ္ဌ မိသားစုနဲ့ အဆက်အသွယ်မရ

RFA Burmese
2024.06.04
ဖမ်းဆီးခံထားရတဲ့ မူဆယ်အခြေစိုက် ပရဟိတအသင်း ဒု-ဥက္ကဋ္ဌ မိသားစုနဲ့ အဆက်အသွယ်မရ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်ကို ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ အခြေစိုက် ကမ်းလက်ပရဟိတအသင်း ဒု-ဥက္ကဋ္ဌ ဦးစိန်လှအောင်ကို မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တပ်ဖွဲ့က မေလ ၂၄ နေ့မှာ ဖမ်းဆီးသွားခဲ့ပြီး နောက် ဇွန်လ ၄ ရက် ဒီနေ့အထိ မိသားစုနဲ့ အဆက်အသွယ်မရသေးဘူးလို့ ဖမ်းဆီးခံရသူနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ကျင်စန်းကျော့ နယ်စပ်ကုန်သွယ်ရေး ဂိတ်အနီးက ဘုရားတည်တဲ့နေရာကို ကူညီပေးဖို့သွားတဲ့အချိန် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီးမှာ ဖမ်းဆီးခံလိုက်ရတာလို့ ဖမ်းဆီးခံရသူနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“ခေါ်သွားတာတော့ မေးစရာရှိလို့ဆိုပြီး ခေါ်သွားတာ။ အခုထိ အဆက်အသွယ် မရဘူး။ မေလ ပထမအပတ်မှာလည်း တစ်ခါသွားခဲ့ပြီးပြီး ဘာမှမဖြစ်ဘူး။ ဒုတိယတစ်ခေါက် အသွားမှာ အခုလို ဖြစ်သွားတာ”

အသက် ၆၄ နှစ်အရွယ် ဦးစိန်လှအောင်ဟာ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအသင်း (မူဆယ်) ရဲ့ အထွေထွေ အတွင်းရေးမှူး တာဝန်ယူထားသူလည်းဖြစ်တယ်လို့ သူက ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ပရဟိတအသင်းကားတွေနဲ့ စစ်ကောင်စီတပ်ရဲ့ ဒဏ်ရာရလူနာတွေကို သယ်ပို့တာ၊ လက်နက်သယ်ယူပေးတာ စတဲ့စွပ်စွဲချက်တွေနဲ့ ကိုးကန့်တပ်ဖွဲ့က အခုလို ဖမ်းဆီးသွားတာဖြစ်နိုင်တယ်လို့ သတင်းတွေထွက်ပေါ်နေတာပါ။

ဒါပေမဲ့ တိုက်ပွဲကာလက သူဟာမူဆယ်မြို့ကမှာ ရှိမနေဘူးလို့ ဖမ်းဆီးခံရသူနဲ့ နီးစပ်သူ နောက်တစ်ဦးက ပြောပါတယ်။

“သူက တိုက်ပွဲတွေဖြစ်တဲ့အချိန် မူဆယ်မှာ မရှိဘူးဗျ။ ဗမာပြည်ဘက်ကို လာနေကြတာ။ မူဆယ်ကို ပြန်သွားတာတောင် မကြာသေးဘူး။ စယ်လန့်ဘက် တိုက်ပွဲဖြစ်တုန်းကဆိုလည်း သူတို့အသင်းပဲ ဒုက္ခသည်တွေကို ကူညီပေးခဲ့ကြတာများတယ်”

ဒီကိစ္စနဲ့ပတ်သက်လို့ MNDAA တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူ လီကျားဝင်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိပါဘူး။

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်ကို MNDAA၊ TNLA၊ AA တပ်ဖွဲ့တွေက သိမ်းပိုက်ထားပြီး နမ့်ခမ်းမြို့ကို TNLA က သိမ်းပိုက်ထားတာပါ။ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နဲ့ နမ့်ခမ်းမြို့ကြားက မူဆယ်မြို့ကိုတော့ စစ်ကောင်စီတပ်က ထိန်းချုပ်ထားတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။