မူဆယ်မှာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ ဆက်တိုက်ဖမ်းဆီးခံရ

RFA Burmese
2024.03.31
မူဆယ်မှာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ ဆက်တိုက်ဖမ်းဆီးခံရ လောင်းကစားရုံများရှိသည့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုမြို့သစ်တွင် အဆောက်အအုံများ ဆောက်လုပ်နေသည်ကို ၂၀၂၃ ခုနှစ် မတ်လအတွင်းက တွေ့ရစဉ်။
Photo: RFA

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ပေါ်က ကျားဖြန့်ခေါ် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ မတ်လ ၂၇ ရက်နောက်ပိုင်း ဆက်တိုက်ဖမ်းဆီးခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ်လ ၂၇ ရက် ညကစလို့ နေရာရှစ်ခုထက်မနည်းကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ကျားဖြန့်လုပ်ငန်းလုပ်ကိုင်နေသူ တစ်ထောင်နီးပါး ဖမ်းဆီးခံရသလို ကွန်ပျူတာအပါအဝင် ဆက်စပ်ပစ္စည်း အများအပြားကိုလည်း သိမ်းဆည်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံသားတွေကိုတော့ တရုတ်နိုင်ငံဘက် ပြန်လွှဲပေးလိုက်ပြီလို့ မူဆယ်မြို့ခံတစ်ဦးက ပြောပါတယ်။

“မျက်မြင်တွေ့ရသလောက်ဆို ရှစ်ခုလောက်ဖမ်းတာ။ အဲဒီအထဲက တရုတ်သူဌေးတွေကို ရွှေလီဘက်ကို ပြန်ပို့လိုက်ပြီလို့ ကြားတယ်။ ဒီဘက်က လခစားဝန်ထမ်း မြန်မာနိုင်ငံသားတွေကို ရဲစခန်းမှာ ထိန်းသိမ်းထားတယ်”

မတ်လ ၂၇ ရက်က အွန်လိုင်း ငွေလိမ်ဂိုဏ်းနဲ့ဆက်စပ်တဲ့ တရုတ်နိုင်ငံသားတချို့ကို ရွှေလီမြို့မှာ တရုတ်အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပြီးနောက် စစ်ကောင်စီတပ်ကလည်း မူဆယ်က ငွေလိမ်ဂိုဏ်းတွေကို ဆက်တိုက်ဖမ်းဆီးလာတာလို့ ဒေသခံတွေက ပြောပါတယ်။

ငွေလိမ်ဂိုဏ်းတွေ ဆက်တိုက်ဖမ်းဆီးခံနေရလို့ မူဆယ်မြို့ပေါ်က တခြားငွေလိမ်ဂိုဏ်းတွေ ယာယီပိတ်ထားကြတယ်လို့ ဆိုပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာ မရှိသေးသလို ရှမ်းပြည်နယ်ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံမဖြေဆိုပါဘူး။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်က အွန်လိုင်းလောင်းကစားနဲ့ ငွေလိမ်လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေတဲ့ တရုတ်နိုင်ငံသား ရှစ်ရာကျော်ကိုတော့ မကြာသေးခင်က ပြန်ပို့ခဲ့ကြောင်း တရုတ်ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနက မတ်လ ၁၃ ရက် ညနေပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

အဲဒီလုပ်ငန်းတွေကို ဥပဒေနဲ့အညီ နှိမ်နင်းနိုင်ဖို့ ၂၀၂၃ ခုနှစ်၊ မတ်လကတည်းကစတင်ပြီး မြန်မာ၊ ထိုင်းအာဏာပိုင်တွေနဲ့ ပူးပေါင်းလုပ်ဆောင်နေတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။