ကျွန်းလှမြို့မှာ အစ္စလာမ်ဘာသာဝင် မော်လဝီဆရာနဲ့ သားအဖ အသတ်ခံရ

စစ်ကိုင်းတိုင်း ကျွန်းလှမြို့ပေါ်မှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၆ ရက်နေ့မနက်ပိုင်းက အစ္စလာမ် ဘာသာဝင် မော်လဝီဆရာသားအဖရဲ့ ရုပ်အလောင်းတွေကို ပြတ်ရှဒဏ်ရာတွေနဲ့အတူ တွေ့ခဲ့ရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ကျွန်းလှမြို့ပေါ် သစ်ရာမြိုင်စျေးတောင်ဘက်မှာ အသက် ၅၀ အရွယ် မော်လဝီဆရာ ဦးတွာစင်ရဲ့ ရုပ်အလောင်းနဲ့ ဘူတာအနီးမှာ အသက် ၁၇ နှစ်အရွယ် သားဖြစ်သူ မောင်ရာဇာထက်အောင်ရဲ့ ရုပ်အလောင်းတွေကို တွေ့ခဲ့ရတာလို့ ဒေသခံက ပြောပါတယ်။
သူတို့နှစ်ဦးကို ဩဂုတ်လ ၂၅ ရက်နေ့ည ၁၀ နာရီဝန်းကျင်မှာ လက်နက်ကိုင် လူတစ်စုက ဖမ်းဆီးသွားပြီးနောက် အခုလို ရုပ်အလောင်းတွေပဲ ပြန်တွေ့ရတာလို့ လုံခြုံရေးအရ အမည် မဖော်လိုတဲ့ ကျွန်းလှမြို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"လာဖမ်းတာ ခုနစ်ယောက်၊ ရှစ်ယောက်လောက်ပါတယ်။ လက်နက်ကိုင်တွေချည်းပဲလို့ ။ အရေးကြီးတာ တစ်ချက်က ဒီမြို့မှာ မာရှယ်လောထုတ်ထားတယ်။ သေချာတာတော့ အဲဒီအချိန် လက်နက်ကိုင်ပြီး ထွက်နိုင်တာ သူတို့ (စစ်ကောင်စီတပ်) ပဲရှိတယ်။ မနက်ရောက်တော့ မြို့လယ်ကောင်မှာ ဖအေအလောင်း၊ ဘူတာနားမှာ သားအလောင်း၊ လည်ပင်းပြတ်ရှဒဏ်ရာနဲ့ ပြန်တွေ့တာ"
အဲဒီနှစ်ဦးဟာ ကျွန်းလှမြို့ သူဌေးကုန်းရပ်ကွက်မှာ နေထိုင်သူတွေဖြစ်ကြပြီး လူမှုရေးရော နိုင်ငံရေးပြဿနာရော မရှိသူတွေဖြစ်တယ်လို့ ဒေသခံက ဆိုပါတယ်။
သားဖြစ်သူ အသက် ၁၇ နှစ်အရွယ် မောင်ရာဇာထက်အောင်ဟာ ကန့်ဘလူမြို့နယ်ထဲမှာ မော်လဝီ (၅) တန်း တက်ရောက်နေသူဖြစ်ပြီး သူ့ကို PDF လို့ စွပ်စွဲပြီး ဖမ်းဆီးသွားတာ ဖြစ်နိုင်တယ်လို့ ကျွန်းလှဒေသခံတွေက ယူဆကြပါတယ်။
သေဆုံးသူနှစ်ဦးရဲ့ ရုပ်အလောင်းတွေကိုတော့ ဩဂုတ်လ ၂၆ ရက်နေ့ ညနေပိုင်းမှာပဲ အစ္စလာမ် ဘာသာရေး ထုံတမ်းနဲ့အညီ သင်္ဂြိုဟ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ်ဆိုတာကို RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။