သတင်းထောက်တွေနဲ့ တွေ့ဆုံ ခဲ့တဲ့ ဒေသခံတစ်ဦး အသတ်ခံရ
2016.12.23

မောင်တောမြို့နယ် ငါးခူရအလယ်ရွာမှာ သတင်းထောက်တွေနဲ့ တွေ့ဆုံဖြေကြားခဲ့ပြီး ပျောက်ဆုံးနေတဲ့ ဒေသခံ မွတ်စလင် အမျိုးသားတစ်ဦး ခေါင်းပြတ်သေဆုံးနေတာကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင် က ပြောပါတယ်။
သေဆုံးသူဟာ ငါးခူရအလယ်ရွာမှာနေထိုင်တဲ့ ဦးဒုစ်မာမတ် (ခေါ်) ရှူနာများ ဖြစ်ပြီး သူ့ရဲ့ရုပ် အလောင်းကို စံပယ်ပင်ရင်းချောင်းအနီးမှာ ပြန်လည်တွေ့ရှိခဲ့တယ်လို့ ဝန်ကြီးဦးမင်းအောင်က ပြောပါတယ်။
"တိုင်ချက်ဖွင့်ထားတယ်ဆိုတာ ဟုတ်ပါတယ်။ ပျောက်နေတဲ့သူကတော့ ခေါင်းအပြတ်နဲ့ပဲ ပြန်တွေ့ တာပေါ့နော်။ ကျနော်တို့ ဘာခေါ်မလဲ စံပယ်ပင်ရင်းချောင်းလို့ပြောတယ်ဗျ။ အဲဒီချောင်းမှာ တွေ့တာ"
သေဆုံးသွားတဲ့ မောင်တောမြို့နယ် ငါးခူရအလယ်ရွာမှာ နေထိုင်သူ ဦးဒုစ်မာမတ်(ခေါ်) ရှူနာမျာဟာ ဒီဇင်ဘာလ ၂၁ ရက်နေ့က အစိုးရအစီအစဉ်နဲ့ မောင်တောမြို့နယ်ကို သွားရောက်သတင်းယူခဲ့တဲ့ သတင်းမီဒီယာသမားတွေ နဲ့ တွေ့ဆုံဖြေကြားခဲ့သူဖြစ်ပါတယ်။
ငါးခူရကျေးရွာဟာ အောက်တိုဘာလ ၉ ရက်နေ့ ညပိုင်းက နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေ အကြမ်းဖက်တိုက်ခိုက် ခံရတဲ့ နေရာ ၃ ခုထဲက တစ်ခုဖြစ်ပါတယ်။