ကုလ အထူးကိုယ်စားလှယ် ယန်ဟီးလီ ကို ပြည်ဝင်ခွင့် ပိတ်ပင်


2017.12.20
yangheelee-622.jpg မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ ကို တွေ့ရစဉ်
Photo: Htet Arkar/RFA

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စ ယန်ဟီးလီ ကို မြန်မာအစိုးရ က ပြည်ဝင်ခွင့်ပိတ်ပင်လိုက်ပါတယ်။

ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုအပါအဝင် နိုင်ငံတလွှားက လူ့အခွင့်အရေး အခြေအနေကို စုံစမ်းလေ့လာဖို့ မြန်မာနိုင်ငံကို လာမယ့် ဇန်နဝါရီလအတွင်း သွားရောက်ဖို့ စီစဉ်ထားခဲ့ပေမယ့် အခုတော့ မြန်မာအစိုးရဘက်က ပူးပေါင်းဆောင်ရွက်မှု မလုပ်ဆောင်နိုင်တော့ကြောင်း ပြောကြားလာတဲ့အပေါ် စိတ်ပျက်မိတယ်လို့ ယန်ဟီးလီက ပြောပါတယ်။

မြန်မာအစိုးရအနေနဲ့ အခုလမ်းကြောင်းကို ရွေးချယ်လိုက်ဟာ ရှက်စရာကောင်းတဲ့ လုပ်ရပ်လို့ မစ္စယန်ဟီးလီက ဒီကနေ့ ကြေညာချက်ထုတ်ပြန်ပြီး ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံအခြေစိုက် ရိုဟင်ဂျာအရေးလှုပ်ရှားနေတဲ့ BROUK အဖွဲ့ ဥက္ကဌ ဦးထွန်းခင်ကတော့ ရိုဟင်ဂျာတွေ လူ့အခွင့်အရေးချိုးဖောက်ခံရမှုကို စုံစမ်းဖော်ထုတ်မှာ စိုးရိမ်တဲ့အတွက် ယန်ဟီးလီကို ပြည်ဝင်ခွင့်ပိတ်ပင် လိုက်တာဖြစ်ကြောင်း ဝေဖန်ပြောဆိုပါတယ်။

"ဒါကတော့ ရှင်းရှင်းလင်းလင်းပါ၊ မြန်မာစစ်တပ်နဲ့ မြန်မာအစိုးရက တာဝန်ရှိတဲ့လူတချို့က Genocide ဆိုတဲ့ လူမျိုးတုံးသတ်ဖြတ်မှုမှာ ပါဝင်နေတော့ ယန်ဟီးလီသွားနိုင်ရင် ဒီအခြေအနေတွေ ဒီသတင်းတွေ ပိုပြီးတော့ သူကစုံစမ်းစစ်ဆေးနိုင်မှာကို စိုးရိမ်လို့ ဝင်ခွင့်မပေးတာလို့ ကျနော်တို့ထင်တယ်၊ ဒါက စစ်အစိုးရအဆက်ဆက်က ဒီလိုလုပ်ခဲ့တာလေ၊ ဒါက ကျနော်တို့ဆီမှာကတော့ မထူးခြားပါ ဘူး၊ မြန်မာပြည်မှာကတော့ ဒီမိုကရေစီကို မသွားဘဲနဲ့ နောက်ဆုတ်သွားနေတဲ့ အနေအထားပေ့ါ၊ လူမျိုးစုတစ်စုကို အစုလိုက်အပြုံလိုက် ရှင်းလင်းပြီးတော့ အခုတော့ ဒီဟာကိုပစ်ပယ်လိုက်တာက အခုက ယန်ဟီးလီကို ဝင်ခွင့်မပေးတာက ပိုပြီးသိသာထင်ရှားနေတာပေါ့"

မိမိနဲ့ ပူးပေါင်းဆောင်ရွက်မှု မပြုနိုင်တော့ကြောင်း မြန်မာအစိုးရဘက်က ကြေညာလိုက်တာဟာ ရခိုင်ဒေသမှာ အခြေအနေတွေ ဆိုးရွားနေတယ်ဆိုတာကို အထင်အရှားညွှန်ပြနေတယ်လို့လည်း မစ္စယန်ဟီးလီက ပြောပါတယ်။

ဒါ့ပြင် မြန်မာအစိုးရအနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ မဟုတ်မှန်ကြောင်း အကြိမ်ကြိမ် ငြင်းဆိုနေခဲ့ပြီး၊ အခုပြည်ဝင်ခွင့်ပိတ်ပင်မှုဟာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ ခရီးစဉ်အပြီး ထုတ်ပြန်ခဲ့တဲ့ ကြေညာကြောင့်လို့ မြန်မာအစိုးရထံက သိရကြောင်း ယန်ဟီးလီက ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စ   ယန်ဟီးလီကို ပြည်ဝင်ခွင့် ပိတ်ပင်လိုက်မှုနဲ့ ပတ်သက်လို့ နိုင်ငံတော်   သမ္မတရုံး၊ နိုင်ငံတော် အတိုင်ပင်ခံရုံးနဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာန   ပြောခွင့်ရပုဂ္ဂိုလ်တွေကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့်   တစ်စုံတရာ တုံ့ပြန်ဖြေကြားဖို့ ငြင်းဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။