မြန်မာ့နယ်စပ် လုံခြုံရေးကို ဘင်္ဂလားဒေ့ရှ် အခြေစိုက် အဖွဲ့အစည်းတွေ ခြိမ်းခြောက်


2013.04.07

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ တည်ငြိမ်မှုမရှိအောင် ဘင်္ဂလားဒေ့ရှ်အခြေစိုက် ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့အစည်းတွေက ခြိမ်းခြောက်နေတယ်လို့ မောင်တောခရိုင်အခြေစိုက် နယ်စပ်ဒေသလုံခြုံရေးတပ်ဖွဲ့ အကြီးအကဲ ဗိုလ်မှူးကြီး အောင်နိုင်ဦးက RFA ကို ဒီကနေ့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အဲဒီလိုမျိုး ခြိမ်းခြောက်မှုတွေကို Rohingya Solidarity Organization(RSO)၊ Arakan Rohingya National Organization(ARNO) တို့လို အဖွဲ့အစည်းတွေက လုပ်ဆောင်နေတာဖြစ်ပြီး၊ ဒီနှစ်အတွင်းမှာ အဲဒီလိုအဖွဲ့အစည်းတွေရဲ့ သတ်ဖြတ်မှုကိုခံရတဲ့ မြန်မာနိုင်ငံသားတစ်ဦးရှိပြီး၊ နှစ်ဦးကတော့ ယခုအချိန်ထိ ပျောက်ဆုံးနေတယ်လို့သိရပါတယ်။

ဒါ့အပြင် နိုင်ငံတကာက ရိုဟင်ဂျာအဖွဲ့အစည်းတွေ စွပ်စွဲသလို နစကတပ်ဖွဲ့ဝင်တွေက ရိုဟင်ဂျာအမျိုးသမီးတွေကို အတင်းအဓမ္မ ပြုကျင့်တာတွေမရှိကြောင်း နစကတပ်ဖွဲ့ အကြီးအကဲက အခုလိုငြင်းဆိုပါတယ်။

“ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက တိုင်ကြားလို့ ကျွန်တော်တို့ဆီမှာ ခုံရုံးဖွဲ့ပြီး၊ စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်၊ ဘာတွေ့လဲဆိုတော့ ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေက တစ်ချို့ရာဇဝတ်မှုတွေမှာ တရားခံဖမ်းဆီးရေးကို ရွာတွေမှာ ဝင်ရောက်လှုပ်ရှားတယ်၊ ကင်းပုန်းဝပ်တယ်၊ စောင့်ဆိုင်းတယ်၊ လျှက်တပြက်ရှာဖွေတယ်၊ အဲဒါတွေကို ရပ်တန့်သွားစေချင်လို့  သူတို့ဘက်က ဒီလိုတုံ့ပြန်တာတွေ ဝါဒဖြန့်တာတွေ တွေ့ရပါတယ်။”

ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ ဘင်္ဂလားဒေ့ရှ်နယ်မြေအတွင်းမှာ အခြေစိုက်လှုပ်ရှားတာတွေရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နယ်ခြားစောင့်တပ်ဖွဲ့နှစ်ခုကြားပြုလုပ်တဲ့ အလံတင်အစည်းအဝေးတွေမှာ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ဝန်ခံပြောကြားတာတွေရှိပါတယ်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ဒေသလုံခြုံရေး၊ တည်ငြိမ်ရေး နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ မောင်တောခရိုင်အခြေစိုက် နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေးနှင့် ကွပ်ကဲမှုဌာနချုပ် နစကတပ်ဖွဲ့ ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အောင်နိုင်ဦးကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။