မြန်မာ့ ကြက်သွန်နီကို ဘင်္ဂလားဒေ့ရှ်ဝယ်မည်
2013.08.18
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရဲ့ အဓိက မီးဖိုချောင်သုံး စားကုန်ဖြစ်တဲ့ ကြက်သွန်နီ ကို မြန်မာနိုင်ငံကနေ တင်သွင်းဖို့ စီစဉ်နေပါတယ်။
ကြက်သွန်နီကို အိန္ဒိယနိုင်ငံကနေ တင်သွင်းနေရာမှာ ဈေးနှုန်းကြီးမြင့်လာနေတဲ့အတွက် မြန်မာနိုင်ငံကနေ တင်သွင်းဖို့ စီစဉ်တာဖြစ်ပါတယ်။
အိန္ဒိယ မှာ မိုးကြီးပြီး ရေလွှမ်းမိုးခဲ့တဲ့အတွက် ကြက်သွန်ခင်းတွေ အများအပြား ပျက်စီးခဲ့ရပါတယ်။ အကျိုးဆက် အနေနဲ့ အိန္ဒိယပြည်တွင်းမှာ ကြက်သွန်နီဈေး မြင့်တက်သွားခဲ့ပြီး၊ ဗုဒ္ဓဟူးနေ့က တစ်တန်ကို အနိမိ့ဆုံးဈေး အမေရိကန်ဒေါ်လာ (၆၄၀) ဖြစ်သွားခဲ့ပါတယ်။
အဲဒါကြောင့် မြန်မာနိုင်ငံက ကြက်သွန်နီ တင်သွင်းဖို့ ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး ကော်ပိုရေးရှင်း ဥက္ကဌ ဖြစ်သူကို ဒီတစ်ရက် နှစ်ရက်အတွင်း မြန်မာနိုင်ငံကို စေလွှတ်ပြီး ကြက်သွန်နီ အမြန် ဝယ်ယူနိုင်အောင် ဆောင်ရွက်မယ်လို့ ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေးဝန်ကြီးက ပြောပါတယ်။
ပမာဏ ဘယ်လောက် ဝယ်ယူမယ် ဆိုတာ ကိုတော့ မသတ်မှတ်ရသေးပါဘူး။ မြန်မာကြက်သွန်နီတွေ ရောက်ရှိတာနဲ့ ချက်ခြင်းပဲ တိုင်းပြည်အနှံ့ ဖြန့်ဖြူးမယ်လို့ ဆိုပါတယ်။ ဒါ့ပြင် ဘင်္ဂလားဒေ့ရှ်ဟာ တရုတ် နဲ့ ဗီယက်နမ် ဆီကလည်း ကြက်သွန်နီ ရနိုင်ခြေရှိမရှိ စုံစမ်းနေပါတယ်။ ဘင်္ဂလားဒေ့ရှ် မှာ ကြက်သွန်နီ စားသုံးမှု ပမာဏ တစ်နှစ် တန်ချိန် သိန်း (၂၀) ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေးဝန်ကြီးက ပြောပါတယ်။