မြန်မာ့စီးပွားရေးအပေါ် ယုံကြည်မှု ကျဆင်း
2017.12.12

မြန်မာနိုင်ငံမှာ စီးပွားရေးဆိုင်ရာ မူဝါဒ ရှင်းရှင်းလင်းလင်းမရှိတာကြောင့် ဒီနှစ်အတွင်း စွန့်ဦးတီထွင် စီးပွားရေး လုပ်ငန်းရှင်တွေကြား လုပ်ငန်းဆိုင်ရာ ယုံကြည်မှု ထိုးစိုက် ကျဆင်းသွားခဲ့တယ်လို့ လေ့လာချက်တခုက ဆိုပါတယ်။
မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် UMFCCI နဲ့ Roland Berger မဟာဗျူဟာ အတိုင်ပင်ခံ ကုမ္ပဏီ တို့ရဲ့ စစ်တမ်းကောက်ခံချက်အရ မြန်မာ့ရေတိုစီးပွားရေးလုပ်ငန်းတွေအပေါ် ရင်းနှီးမြှုပ်နှံ သူတွေရဲ့ ယုံကြည်မှုဟာ ြပီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က ၇၃ ရာနှုန်းရှိခဲ့ရာက၊ ၂၀၁၇ ခုနှစ်မှာ ၄၉ ရာနှုန်းအထိ ကျဆင်းသွားခဲ့တယ်လို့ ဖေါ်ပြပါတယ်။
ပြည်တွင်းလုပ်ငန်းရှင်တွေနဲ့ နိုင်ငံတကာက လာရောက်ရင်းနှီးမြှုပ်နှံသူ စုစုပေါင်း လုပ်ငန်းရှင် ၅၀၀ ရဲ့ သဘောထားအမြင်တွေကို မေးမြန်းရာမှာ အခုလို လုပ်ငန်းဆိုင်ရာ ယုံကြည်မှု ထိုးစိုက် ကျဆင်းသွားခဲ့တာဟာ ရှင်းလင်းပြတ်သားတဲ့ စီးပွားရေး မူဝါဒနဲ့ လုပ်ငန်းစဉ် ကင်းမဲ့နေတာကြောင့် လို့ ပြောဆိုကြပါတယ်။ ရှင်းလင်း တိကျတဲ့ ပန်းတိုင်တွေ၊ အဲဒီအတွက် အချိန်ဇယား၊ မြန်မြန်ဆန်ဆန် အောင်မြင်ရောက်ရှိနိုင်တာတွေ စတာတွေ ပါဝင်တဲ့ စီးပွားရေးတခုလုံး အသွင်ပြောင်းလဲရေး အစီအစဉ်ရယ်လို့ အခုထိ မရှိသေးဘူးလို့လည်း ပြောဆိုကြောင်း အစီရင်ခံစာမှာဖေါ်ပြပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်း ပဋိပက္ခကြောင့်လည်း ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုကျဆင်းသွားဖွယ်ရှိတယ်လို့ ဆိုပါတယ်။
ဒါ့ပြင် ကျွမ်းကျင်လုပ်သား ချို့တဲ့တာ၊ ဥပဒေဆိုင်ရာမှာ ဘာမှကြိုပြောလို့မရတာတွေကလည်း ကုမ္ပဏီတွေ ရင်ဆိုင်နေရတဲ့ ပြဿနာတွေထဲမှာ ပါဝင်နေတယ်လို့ ဆိုပါတယ်။
မှတ်တမ်းတွေအရ မြန်မာနိုင်ငံရဲ့ ဒီနှစ်အတွင်း လစဉ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏဟာ ယေဘုယျအနေနဲ့ အမေရိကန် ဒေါ်လာ ၇၉၃ သန်း ရရှိခဲ့ရာမှာ ၂၀၁၅ ခုနှစ်ကထက် လျော့နည်းတယ်လို့ သိရပါတယ်။
ဒါပေမဲ့ စီးပွားရေးလုပ်ငန်းရှင် ၈၈ ရာနှုန်းကတော့ ရေရှည်မှာ မြန်မာ့စီးပွားရေး တိုးတက်ကောင်းမွန်လာမယ်လို့ အကောင်းမြင် မျှော်လင့်ကြကြောင်း အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။